တာချီလိတ်မှာ မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၅ ပေကျော်လာလို့ ရေကြီးနေ

စက်တင်ဘာ ၁၀၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစ စိုးရိမ်ရိမ်ရေမှတ် ၅ ပေထိ ကျော်လာလို့ မြို့ထဲမှာ ရေကြီးရေလျှံ ဖြစ်ပွားနေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
” အိမ်ဘေးနား အကုန် မြှုပ်နေပြီ။ လူက ခေါင်းပေါ်ရုံပဲ ကျန်တော့တယ်။ ပုန်းထွန်ဘက် ကယ်ဆယ်ရေး ကိုလည်း ဖုန်းဆက်မရဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
တာချီလိတ်မြို့ အဝိုင်းပတ်နဲ့ ပုန်းထွန်ရပ်ကွက်က တချို့ နေအိမ်တွေ ရေမြှုပ်ကုန်ပြီဖြစ်ပြီး တာချီလိတ် မြို့ဘက် မြန်မာ – ထိုင်း ချစ်ကြည်ရေး အမှတ် ၁ တံတားပေါ် အထိထိရေတွေ တက်လာတယ်လို့ ဆိုပါတယ်။
“တာချီလိတ် ရေကြီးချက်ကတော့ချစ်ကြည်ရေး တံတား တောင် ရေမြှုပ်တော့မယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ရေတရှိန်ထိုး ထိုးတက်လာလို့ မြုပ်နေကျ ရပ်ကွက်တွေအပြင် ဗိုလ်ချုပ်လမ်းမကြီး တလျှောက် နဲ့ အမှတ် ၁ ချစ်ကြည်ရေး တံတား (တာချီလိတ် ၊မယ်ဆိုင်) တံတားပေါ်ထိ ရေလျှံလာတဲ့အတွက် အရေးပေါ် သန့်ရှင်းရေး လုပ်တာတွေ၊ အမှိုက်တွေ ရေစီးနဲ့မျောပါအောင် တွန်းချ တွေ ဆောင်ရွက်နေကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။
ရေတက်နေတဲ့ အရှိန်ကြောင့် လျှပ်စစ်မီးတွေ ဖြတ်တောက်ထားရပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရခက်ခဲနေတယ်လို့ ဆိုပါတယ်။
တာချီလိတ်မြို့ရဲ့ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်မှာ ၃၉၀ စင်တီမီတာဖြစ်ပြီး မနက် ၈ နာရီမှာ မယ်ဆိုင်ချောင်းရေမှတ်မှာ ၅၄၈ စင်တီမီတာ အထိ ရောက်ရှိကာ စိုးရိမ် ရေမှတ်အထက် ၁၅၈ စင်တီမီတာ / ၅ ပေကျော်ခန့် ကျော်လွန်ခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာလည်း မိုးအဆက်မပြတ်ရွာလို့ ရေကြီးရေလျှံ ဖြစ်ပြီး နယ်မြေခံစစ်တပ်၊ ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးတပ်တပ်ဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းေတွ ဆောင်ရွက်ပေး နေတဲ့အပြင် မိုင်းခတ်မြို့နဲ့ မိုင်းယန်းမြို့နယ်တို့မှာလည်း မိုးရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ကာ တာဝန်ရှိသူေတွက ကူညီကယ်ဆယ်ရေးလုပ်ငန်းေတွ ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW