ပန်ဆန်း နဲ့ မိုင်းပေါက်မှာ မိုးသည်းထန်စွာရွာပြီး မြေနိမ့်ပိုင်းတွေ ရေလျှံ

စက်တင်ဘာ ၁၀၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နဲ့ မိုင်းပေါက် မြို့တွေမှာ စက်တင်ဘာ ၉ ရက်နေ့ မနက် အစောပိုင်းကတည်းက မိုးသည်းထန်လို့ ရေကြီးပြီး မြေနိမ့်ပိုင်းတွေ ရေလျှံဖြစ်ကာ နေအိမ်တချို့ ရေဝင်ကုန်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပန်ဆန်းမှာ မနေ့က မိုးတအား ရွာလို့ ရေကြီးတာ။ ညနေပိုင်းတော့ ရေပြန်ကျသွားတယ်။ ပန်ဆန်း နဲ့ မိုင်းပေါက် လမ်းကဝောာ့ သွားလို့ ရပြီလား မသိသေးဘူး။ လမ်းတွေ တအားပြိုတယ်လေ။ သက်ဆိုင်ရာက လုပ်တော့ လုပ်မှာပါ။ မိုင်းပေါက်မှာလည်း ရေကြီးတာ ပန်ဆန်းထက် ပိုဆိုးတယ်။ တိုက် အောက်ထပ်တွေရော အကုန်မြှုပ်ကုန်တာ။ အခုတော့ မိုးမရွာတော့ဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နေအိမ် အဆောက်အအုံတွေ နဲ့ လမ်းမ ပေါ်တွေမှာ ရေနစ်မြှုပ်သွားပြီး နေအိမ် တချို့က ပစ္စည်းတွေ မျောပါကုန်တာလို့ ဆိုပါတယ်။
“မိုင်းပေါက်မြို့လည်း ရေကြီးနေတာ။ ပန်ဆန်းနဲ့ မိုင်းပေါက်လမ်းလည်း ပြိုကျလို့ဘယ်လိုမှ သွားမရတော့ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မိုင်းပေါက်မှာတော့ အရင်တုန်းက ဒီလိုရေမကြီးဖူးဘူး၊ ရွာပြင်တွေမှာ သစ်ပင်တွေ အကုန် ပြောင်အောင် ခုတ်လှဲပစ်ကြလို့ပါ လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
မိုင်းပေါက် နဲ့ ပန်ဆန်းလမ်းကြားမှာ မိုးသည်းပြီး ရေကြီးကာ တောင်ကျရေကြောင့် လမ်းတွေပျက်စီးခဲ့တာ ရှိတယ်လို့ ဝ ဒေသတွင်း သတင်း မှာဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယု၊ မိုင်းယောင်း၊ မိုင်းဖျက်၊ တာလေ၊ ရွှေတြိဂံဒေသ၊ မဲဆိုင်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း၊ မိုင်းတုန်၊ မိုင်းပန်၊ ကွန်ဟိန်း၊ မိုင်းပြင်း၊ မိုင်းခတ်၊ မိုင်းလား၊ မိုင်းယန်း၊ မိုင်းပေါက်၊ ပန်ဆန်း၊ မိုင်းရှူး အစရှိတဲ့ဒေသတွေမှာ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်တွေထဲ မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး မိုးကြီး၊ ရေလျှံနိုင်ကြောင်း သိရတယ်လို့လည်း ဖော်ပြထားပါတယ်။
တာချီလိတ်မှာ မကြာခဏ ရေကြီး ရေလျှံ ဖြစ်နေပြီး တာချီလိတ်ရဲ့တချို့ နေရာတွေမှာ မနေ့ကတည်းက မြို့ထဲ တချို့နေရာတွေမှာ ရေ တက်နေပြီလို့ တာချီလိတ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ယမန်နေ့ မနက်ပိုင်း မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့ ၊ လွယ်တော်ခမ်းကျေးရွာအုပ်စုမှာ စိုးရိမ်ရေမှတ် အောက် ၂ ပေခန့် ရောက်နေတာကြောင့် နောက် ၁ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ထားပါတယ်။
Photo, Video Crd# ဒေသခံများ

Related posts

Leave a Comment

VOM News

FREE
VIEW