သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၀ ပေခွဲတက်လို့ မြ၀တီရှိ အနိမ့်ပိုင်းရပ်ကွက်အားလုံး ရေမြုပ်
စက်တင်ဘာ ၁၁ – ၂၀၂၄
KG(VOM)
အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေတိုးလာပြီး ကရင်ပြည်နယ်အတွင်းက မြ၀တီမြို့ပေါ် ရှိ အနိမ့်ပိုင်းရပ်ကွက်များအားလုံးဟာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊နံနက်အစောပိုင်းအချိန်မှစတင်လို့ ရေများ၀င်ရောက်လာကာ အမှတ်(၁)ချစ်ကြည်ရေးတံတား အပါအဝင် အနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များရေနစ်မြုပ်လျက်ရှိတယ်လို့ မြို့နေဒေသခံတွေထံကနေ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ ရက်၊နံနက်ပိုင်းကစတင်လို့ မြဝတီမြို့ပေါ် သောင်ရင်းမြစ်ရေတွေတိုးလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အနိမ့်ပိုင်းကနေအိမ်အားလုံးရေမြုပ်တယ်။မြေနီကုန်းဘက်ကတော့လမ်းဖြတ်တံတား တလအတွင်းပြီးသွားလို့ ရေအရင်လို မကြီးတော့ပါဘူး။ ရေတင်လဲခဏပါပဲ၊မိုးတိတ်တာနဲ့ပြန်ကျသွားတာပါ”လို့ မြ၀တီမြို့ခံတယောက်က ပြောပါတယ်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့စက်တင်ဘာ ၁၁ ရက်၊မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်အရ မြ၀တီမြို့ရဲ့သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်က ၉၆၃ စင်တီမီတာအထက်၁၀ ပေခွဲခန့်(၃၁၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေတယ်လို့ ဆိုထားပါတယ်။
အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၃ ပေခန့်မြင့်တက်လာနိုင်ပြီး သောင်ရင်းမြစ်ရဲ့ စိုးရိမ်ရေအမှတ်ထက်မှာ ဆက်လက်တည်ရှိနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
“မြ၀တီမှာ ၂ ရက်နဲ့ ၁ ည ရှိပြီ။ နေကိုမပွင့် မိုးရွာနေ တာဆက်တိုက်ပဲ၊မနေ့ညတကည်းက အနိမ့်ပိုင်းတွေမှာရေစပြီးဝင်တယ်၊ဆက်ပြီးရေအတက်အကျစောင့်ကြည့်ရအုံးမယ်။တချို့အိမ်အာက်မှာရှိတဲ့ပစ္စည်းတွေကိုအိမ်ပေါ်ထပ်ကိုရွှေ့ထားလိုက်ရတယ်။ဒီနေ့မနက်ပိုင်းကစလို့ အိမ်ထဲကိုရေတွေဝင်လာတယ်။အခုတော့အိမ်အောက်ထပ်အကုန်ရေမြုပ်သွားပြီ”လို့ မြ၀တီမြို့ ဒေသခံတယောက်က ထပ်လောင်းပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ စက်တင်ဘာ ၁၀ ရက်၊ညနေပိုင်းမှ စတင်လို့ သောင်ရင်းမြစ်ရေမြင့်တက်နေမှုတွေကြောင့် မြဝတီမြို့၊အနိမ့်ပိုင်းနေအိမ်တချို့က အိမ်ထောင်စုတွေကိုတော့ နီးစပ်ရာဘုန်းကြီးကျောင်းတွေသို့ပြောင်းရွေ့နေရာချထားပေးရတယ်လို့လည်း ဒေသခံလူမှုကူညီရေးသမားတွေထံကနေ သိရပါတယ်။
“ဒီနေ့ နံနက်ပိုင်းမှာတော့ မြ၀တီကအနိမ့်ပိုင်းအားလုံး ရေနစ်မြုပ်သွားပါပြီ။တံတားထိပ်ကနေစပြီး မြို့လယ်ကောင်နားအထိရေမြုပ်နေပါတယ်။ရေတက်လာတဲ့ အနိမ့်ပိုင်းရပ်ကွက်ကလူတွေအားလုံးက အခုဘုန်းကြီးကျောင်းတွေမှာပဲအကုန်နေနေရပါတယ်”လို့ ဒေသခံလူမှုကယ်ဆယ်ကူညီရေးသမားတယောက်က ထပ်မံပြောပြခဲ့ပါတယ်။
Photo – CJ
ပုံစာ – သောင်ရင်းမြစ်ရေတိုးလာမှုကြောင့် မြ၀တီမြို့ပေါ်ရပ်ကွက်အချို့ရေနစ်မြုပ်နေမှု မြင်ကွင်းများ။

Related posts

Leave a Comment

VOM News

FREE
VIEW