ရေဘေးအတွက် အိမ်အမိုးသွပ်တွေ ၄၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းမယ်လို့ ဆောက်လုပ်ရေးအသင်းချုပ် ပြော



စက်တင်ဘာ ၁၈ ၊ ၂၀၂၄
KH(VOM)

ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး အထောက်အပံဖြစ်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) က အိမ်မိုးသွပ်တွေကို ပေါက်ဈေးထက် ၄၀ရာခိုင်နှုန်းလျော့ရောင်းဖို့ စီစဉ်ထားကြောင်းသိရပါတယ်။

အိမ်အမိုးသွပ် 0.348mm ရှိ 4 Angle Roofing Sheets သွပ်ပြားတွေကို အချပ်ရေ သုံးသောင်းအထိ သက်သာတဲ့နှုန်းထားနဲ့ ကာလပေါက်ဈေးရဲ့ ၄၀ ရာခိုင်နှုန်းအထိ လျော့ရောင်း မှာဖြစ်ရာ ပုဂ္ဂလိက လှူဒါန်းလိုသူတွေအနေနဲ့ ရေဘေးသင့်ဒေသတွေကို ကူညီနိုင်ဖို့ ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

” ရေဘေးသင့်ဒေသတွေကို လှူဖို့ အလှူရှင်တွေ အတွက် လက်ရှိပေါက်ဈေးထက်သက်သာတဲ့ဈေးနှုန်းနဲ့ ကျွန်တော်တို့ အရှုံးခံပြီး အလှူပုံစံမျိုးရောင်းပေးတာပါ။ပြီးတော့ ဘယ်အဖွဲ့အစည်းရယ်လို့မဟုတ်ပဲ အလှူရှင်တွေရယ် ၊ ပရဟိတအသင်းတွေရယ်ကိုပေါ့ ၊ ကုမ္ပဏီ တွေကိုတော့မရောင်းပေးပါဘူး။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေဆိုတာကုမ္ပဏီ သီသန့်ဆောက်တဲ့ အဆောက်အဦးတွေလည်းရှိနေတော့ အဲ့ဒါတွေအတွက် မရည်ရွယ်ပါဘူး ။ရေဘေးသင့်ပြည်သူတွေအတွက်သာအထောက်အပံ့ဖြစ်စေနိုင်တဲ့ရည်ရွယ်ချက်မျိုးနဲ့ လုပ်တာပါ။”လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) ကတာဝန်ရှိသူကပြောပါတယ်။

အိမ်အမိုးသွပ် ဈေးနှုန်းတွေက လက်ရှိပြင်ပပေါက်ဈေးမှာ ၁ ပေကို ငွေကျပ်၄၀၀၀ မှ ၄၅၀၀ကျပ် နှုန်းထားအထိ ဈေးဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် ၄၀ရာခိုင်နှုန်း လျော့ဈေးနဲ့ရောင်းပေးမယ့် ဈေးကတော့ ၁ ပေကို ငွေကျပ်၂၀၀၀ကျော် ဈေးများနဲ့ သတ်မှတ်ရောင်းပေးသွားမယ်လို့ဆိုပါတယ်။

” အခုလို လူအများဒုက္ခရောက်တဲ့အချိန်မှာ သွပ်ပြားစက်ရုံတွေနဲ့ ပူးပေါင်းပြီး နည်းနည်းအရှုံးခံပြီးရောင်းပေးတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ဆိုရင်တော့ ဒီထက်ပိုပြီးများများလုပ်ပေးနိုင်တာပေါ့။ ဒါကြောင့် အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန်လေး လုပ်ပေးသင့်တယ်လို့ ထင်ပါတယ် ” လို့ MCEFရဲ့ တာဝန်ရှိသူက သူရဲ့အမြင်ကို ပြောပြပါတယ်။

ရောင်းချပေးမယ့် အိမ်အမိုးသွပ် အရေအတွက်က အချပ်ရေ ၃၀၀၀၀ ဖြစ်ပြီး လှူဒါန်းလိုသူတွေ အဖွဲ့အစည်းတွေအနေနဲ့ လှူဒါန်းမယ့်နေရာ၊ လိုချင်တဲ့အရေအတွက်ကိုဖော်ပြပြီး အမြန်ဆုံးလျှောက်လွှာတင်ဝယ်ယူရမယ်လို့သိရပါတယ်။

” ဝယ်မယ်ဆို ဝယ်ယူလှူဒါန်းမယ့် ပုဂ္ဂိုလ်က လျှောက်လွှာနဲ့ လျှောက်ပြီးလှူဒါန်းမယ့်မြို့နယ်ပေါ့။ ကိုယ်လှူမယ့်ရေဘေးသင့်ဒေသတွေကို ဖော်ပြပြီး ဝယ်မယ့်သွပ်ချပ်အရေအတွက် ပါဖော်ပြကာ လာလျှောက်နိုင်ပါမယ်။ ဘယ်မြို့ဘယ်ဒေသပဲ ဦးစားပေးရယ်လို့ မရှိပါဘူး။ ဦးရာလူစနစ်နဲ့ပဲအလှူသဘောမျိုးရောင်းပေးသွားမှာပါ။” လို့ MCEF ရဲ့တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံ တဝန်း တိုင်းနဲ့ပြည်နယ် ၉ခု ကရေဘေးသင့် နေရာတွေမှာ နေအိမ်ပျက်စီးမှုတွေ အမြောက်အများရှိခဲ့တာဖြစ်ရာ ပြန်လည်ထူထောင်ရေးအတွက် အိမ်ရာတည်ဆောက်မှုမှာလိုအပ်တဲ့ အိမ်အမိုးသွပ်တွေကို လှူဒါန်းဝယ်ယူလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) က ဖုန်းနံပါတ် 09266823226၊ 09893217109 တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်မယ်လို့ သိရှိရပါတယ်။

Photo – MCEF

Related posts

Leave a Comment

VOM News

FREE
VIEW