အင်းစိန်ထောင်က သေဒဏ်ကျခံနေရသူ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်

စက်တင်ဘာ ၂၁ – ၂၀၂၄
SS (VOM)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းက သေဒဏ်ကျခံနေရသူ ငါးယောက်ကို လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ငါးယောက်ကို ကြိုးပေးကွပ်မျက်မှာ ဖြစ်တယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။
“အင်းစိန်အကျဉ်းထောင်ထဲမှာ ကြိုးစင်ကို သန့်ရှင်းရေးလုပ်တာ၊ ကန်တော့ပွဲထိုးနေတာတွေ လုပ်နေကြတယ်လို့တော့ သိရတယ်။ ကြားတာတော့ ကြိုးပေးခံရမယ့်သူတွေက ကျား (၄) ၊ မ (၁)၊ စုစုပေါင်း ငါးယောက်ပေါ့။ သူတို့ကလည်း လက်ရှိ ကြိုးတိုက်ထဲမှာ။ နောက်တခုကြားတာက ခုနစ်ယောက်လို့လည်း ပြောနေကြတာရှိတယ်။ ကျား (၅) ၊ မ (၂) ဆိုပြီး။ သိပ်တော့ မသေချာသေးဘူး။ အတည်ပြုဖို့ကတော့ ကြိုးစားနေတုန်းပါ။ ဒါပေမယ့် ကြိုးစင်သန့်ရှင်းရေးလုပ်၊ ကန်တော့ပွဲပေးတယ်ဆိုတော့ ဖြစ်လာနိုင်ခြေတွေကို စဉ်းစားစရာတော့ ရှိတာပေါ့” လို့ အဲဒီ အကျဉ်းထောင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
သေဒဏ်ကျခံနေရသူ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ လေးရက်လောက်ကတည်းက လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာဖြစ်ပြီး ဒီသတင်း ထွက်ပေါ်လာပြီးနောက်မှာတော့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ သူတို့ကို ပြစ်ဒဏ်ကနေ ရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စက်တင်ဘာ ၁၉ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
APHR ဥက္ကဋ္ဌ Ms.Barends က သူတို့ကို လွှတ်ပေးဖို့အပြင် ဖမ်းဆီးထားစဉ် ကာလအတွင်းမှာလည်း ရှေ့နေတွေနဲ့ တွေ့ခွင့်ပြုဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မိသားစုနဲ့တွေ့ခွင့်ရဖို့ကိုပါ တပါတည်း တောင်းဆိုထားပါတယ်။
APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ်၊ မလေးရှား ပါလီမန်အမတ်လည်းဖြစ်တဲ့ Wong Chen ကတော့ နစကအနေနဲ့ သဘောထားကွဲလွဲမှုတွေကို နှိမ်နှင်းတာမှာ ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ပြီး ဖိနှိပ်ပြတာက လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ဒီလိုလုပ်တာကို အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ ပြောဆိုပါတယ်။
အဲဒီ သေဒဏ်ကျခံနေရသူတွေကို နစက က အကြမ်းဖက်ဥပဒေ၊ လက်နက်ဥပဒေတို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မသေမချင်း ကြိုးပေးသတ်ဖို့ လှိုင်မြို့နယ် တရားရုံးကနေ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုဂျင်မီ၊ ကိုဇေယျာ‌သော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အဲဒီ အင်းစိန်ထောင်ထဲမှာပဲ ကြိုးပေးအပြီး နှစ်နှစ်နဲ့ နှစ်လအကြာမှာ အခုလို နောက်ထပ် ငါးယောက်ကို ကြိုးပေး ကွပ်မျက်မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပြီး VOM အနေနဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးစီရင်တာဟာ ၁၉၈၉ ခုနှစ်၊ မတ်လတုန်းက နောက်ဆုံးဖြစ်တယ်လို့ သိရတဲ့အတွက် ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကြိုးပေးစီရင်ခံရတာ ဖြစ်ပါတယ်။
ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ထုတ်ပြန်ချက်မှာတော့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကနေ အခု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ လူအယောက် ၂၀၀ နီးပါးကို နစက က သေဒဏ်ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပြီး နစကဘက်ကတော့ ဒီစာရင်းတွေဟာ ချဲ့ကားထားတဲ့စာရင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW