ညောင်ဦးမြို့က နှစ်တရာကျော်သက်တမ်းရှိ ရှေးဟောင်း နှစ်ထပ်ကျောင်းဆောင်တဆောင် မီးလောင်ပျက်စီး

စက်တင်ဘာ ၂၂ – ၂၀၂၄
SN (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းက နှစ်တရာကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း နှစ်ထပ်ကျောင်းဆောင်တဆောင် မနေ့ စက်တင်ဘာ ၂၁ ရက်၊ ညပိုင်း မီးလောင်မှုကြောင့် ကျောင်းဆောင်တဆောင်လုံး ပျက်စီးခဲ့ရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ အမှတ် (၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်၊ ငှက်ကြီးခေါင်းချ ကျောင်းတိုက်မှာ မနေ့ည ၈ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းက ဖယောင်းတိုင်မီးကြောင့်လို့တော့ ကနဦး သိရပါတယ်။ အဲဒီကျောင်းမှာ တပါးတည်း သီတင်းသုံးနေတဲ့ ဦးပဉ္ဇင်းက ကျမ်းဂန်စာအုပ်တွေ ထားတဲ့ ဗီရိုပေါ်မှာ ဖယောင်းတိုင်မီးထွန်းထားပြီးတော့ ကုဋီသွားလိုက်တာ။ အဲဒီ ဖယောင်းတိုင်ကနေတဆင့် ဗီရိုပေါ်က ကျမ်းဂန်စာအုပ်တွေကို မီးစလောင်တာပေါ့။ အဲဒီကနေမှ ကျောင်းဆောင် တဆောင်လုံးကို မီးကူးစက်သွားတာ။ လူအထိအခိုက်၊ အသေအပျောက်တော့ မရှိပါဘူး” လို့ ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။
အဲဒီ ကျောင်းဆောင်ဟာ ပေ ၈၀ × ၆၀၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး မီးလောင်သတင်း ရရချင်း မီးသတ်တပ်ဖွဲ့က အခင်းဖြစ် နေရာကို သုံးမိနစ်အတွင်း ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ပေမယ့် ရေနံ၀နေတဲ့ ကျောင်းဆောင်ကြီးဖြစ်တာကြောင့် မီးကူးစက်မှုနှုန်း မြန်ဆန်လွန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ မီးလောင်မှုကို ညောင်ဦးခရိုင်နဲ့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် လူမှုကူညီရေးအသင်းတွေ၊ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ည ၈ နာရီခွဲဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပြီး ဒီဖြစ်စဉ်အတွင်း ပျက်စီးဆုံးရှုံးမှုစာရင်း အသေးစိတ်ကိုတော့ မြို့နယ်မီးသတ်ဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW