လွိုင်ကော်မှာ ရေကြီးမှုအခြေအနေ ဆိုးလာပေမယ့်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါးနေ

စက်တင်ဘာ ၂၂ – ၂၀၂၄
SS (VOM)
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ရေကြီးမှုအခြေအနေ ဆိုးရွားလာပေမယ့်လည်း ကူညီကယ်ဆယ်ရေးအခြေအနေ အလွန်နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲရေကာတာကနေ စီးဆင်းလာတဲ့ ရေတွေကြောင့် ကယားပြည်နယ်အတွင်းရှိ ဘီလူးချောင်းနဲ့ ပွန်ချောင်းတို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရေကြီးနေတာဖြစ်ပြီး လွိုင်ကော်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တွေအတွင်း ရေဆက်တက်နေကာ မြို့လယ်အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ရေက မနေ့ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ်ပိုင်းကစပြီး လွိုင်ကော်မြို့လယ် ရှမ်းပိုင်း၊ မိန်းလမ်းအထိ ရောက်လာတယ်။ တောင်စျေးနားနဲ့ ဒေါနိုးကူး လမ်းတလျောက်မှာလည်း ခါးလယ်လောက် ရောက်နေပြီ။ ရေကတော့ ထပ်တက်နေတုန်းပဲ။ နယ်မြေ မငြိမ်းချမ်းတဲ့ အခြေအနေကြောင့်ထင်တယ်။ ကူညီမယ့်သူတွေက တဖွဲ့တလေပဲ ရောက်လာကြတယ်။ ကူမယ့်သူ အရမ်းနည်းပါတယ်။ ထမင်းတနပ်ရရ နှစ်နပ်ရရ တကယ်လိုအပ်နေကြတာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေကြီးမှုကြောင့် လွိုင်ကော်မြို့ပေါ်ရှိ စျေးတွေ တံတားတွေ၊ Main လမ်းမတွေ၊ နေအိမ်တွေ အပါအဝင် လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်တွေက ကျေးရွာတွေနဲ့ လယ်ဧက၊ စိုက်ခင်းများစွာ ရေနစ်မြုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့မှာ ဒေါအူခူ (အနောက်ဘက်ခြမ်း)၊ မုံပြာ၊ ပိုးစာခြံ၊ မိုင်းလုံး (အနောက်ဘက်ခြမ်း)၊ ရွှေတောင်၊ မင်္ဂလာ၊ ဓမ္မာရုံ၊ စျေးပိုင်း၊ ရှမ်းပိုင်း၊ လောဓမ္မတောင်စျေး (စျေးတဝက်ရေမြုပ်)၊ ဒေါနိုကူး၊ နမ့်ကွတ် စတဲ့ နေရာတွေမှာ ရေကြီးမှု အဆိုးဆုံး ကြုံတွေ့နေရပြီး တချို့ရပ်ကွက်တွေမှာတော့ နေအိမ်ခေါင်မိုးတွေ လုံးဝ နစ်မြုပ်တဲ့အထိ ရေပြင်ကြီးဖြစ်နေတယ်လို့ သိရပါတယ်။
“လွိုင်ကော်က ရေကျဖို့ ကြာနိုင်တယ်။ ဘာလို့လဲဆိုရင်တော့ အင်းလေးကနေ စပြီး ပြောရမှာပါ။ အင်းလေးထဲစီးဝင်တဲ့ ချောင်းပေါင်းက ၂၉ ချောင်းလောက်ရှိတယ်။ အဲဒီချောင်းကရေတွေ အကုန်လုံး အင်းလေးထဲကိုဝင်တယ်။ ပြီးတော့ အင်းလေးအထက်မှာ စံကားအင်း (စကားအင်း) ဆိုတာလည်း ရှိသေးတယ်။ အင်းလေးနဲ့ တဆက်တည်း ပေါင်းတာပေါ့။ ပြီးမှ အင်းလေးအင်းကြီး ဖြစ်လာတာ။ အဲဒီကနေမှ မိုးဗြဲဆည်ကြီးထဲဝင်ပါတယ်။ မိုးဗြဲဆည်ထဲကို ချောင်းတွေအများကြီး ထပ်ဝင်ပါသေးတယ်။ မိုးဗြဲကနေ ထွက်ပေါက်က ဘီလူးချောင်း တချောင်းတည်းရယ်ပါ။ အဲဒါကြောင့် ဘီလူးချောင်း ဖြတ်စီးနေတဲ့ လွိုင်ကော်မြို့က ရေနစ်နေတာ။ ကံအကြောင်းမလှရင် လနဲ့ချီ ကြာနိုင်ပါတယ်။ ဘူမိအနေအထား မသိသေးတဲ့သူတွေ သိနိုင်ဖို့ပါ။ ရေဘေးကူညီဖို့ဆိုရင်လည်း ကယားဘက်ကို ကူနိုင်ကြဖို့ပါ။ လက်ရှိအနေအထားကတော့ ရေထပ်တက်နေတုန်းပါပဲ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
လတ်တလောမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်လျက်ရှိပြီး တချို့နေရာတွေမှာ MPT ဖုန်းလိုင်း ရရှိနေတယ်လို့ ပြောဆိုကြပေမယ့် နေရာတိုင်းကိုတော့ ဆက်သွယ်လို့မရသေးဘူးလို့ သိရပါတယ်။
ဒါအပြင် သွားရောက် အကူအညီပေးမယ့်သူတွေကိုလည်း သက်ဆိုင်ရာနယ်မြေ အဖွဲ့အစည်းတွေက ကန့်သတ်မှုတွေ ပြုလုပ်နေတာကြောင့် လွိုင်ကော်မြို့က ရေဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေရရှိနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW