အင်းလေးဒေသက ရေမြုပ်နေတဲ့ ကျေးရွာ ၁၀ ရွာ လက်ရှိအချိန်အထိ အကူအညီတွေမရသေး

စက်တင်ဘာ ၂၃ – ၂၀၂၄
SN (VOM)
ရှမ်းပြည်‌နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ရေမြုပ်နေတဲ့ ကျေးရွာ ၁၀ ရွာ လက်ရှိအချိန်အထိ အကူအညီတွေ မရရှိသေးဘူးလို့ ဒေသခံတွေနဲ့ ကူညီရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
အဲဒီဒေသက စည်ပင်သာရွာ၊ ရွာသစ်ရွာ၊ ချောင်းကန့်ရွာ၊ ရွာကြီးအထက် အမှတ် (၁) ရွာနဲ့ အမှတ် (၂) ရွာ၊ ကံခေါင်း အိုးစားရွာ၊ ဟက်ပုံး အိုးစားရွာ၊ တုံးလည်တောင်ပို့ကြီး အိုးစားရွာ၊ ရေတန်းရွာနဲ့ ဇရပ်ကြီးရွာတို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ထောင်နဲ့ချီနဲ့ ‌ပြည်သူတွေ စားနပ်ရိက္ခာနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“နေစရာကတော့ ကုန်းမြင့်လမ်းမကြီးတွေပေါ်မှာ တဲထိုးပြီးနေနေကြပေမယ့် စားစရာသောက်စရာတွေ အခက်အခဲဖြစ်နေကြတာပါ။ ဝယ်ခြမ်းစားသောက်စရာကုန်စုံဆိုင်တွေလည်း မရှိတဲ့အပြင် တနေ့လုပ်တနေ့စား နွမ်းပါးသူတွေအတွက်က ရိက္ခာအများကြီး ခက်ခဲနေကြတာပါ။ အဲဒီရွာတွေမှာက လက်လုပ်လက်စားသမားတွေ များကြတယ်။ အလှုရှင်တွေ အရောက်အပေါက် နည်းနေကြလို့ဒုက္ခရောက်နေကြတာ။ အကူအညီ လိုအပ်နေတဲ့ တခြားရွာတွေလည်း အများကြီး ရှိနိုင်သေးတယ်” လို့ ကူညီရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
အင်းလေးဒေသမှာ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ကျေးရွာ ၁၇၁ ရွာမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာလို့ သိရပါတယ်။
“ရေပြန်ကျဖို့ လနဲ့ချီ ကြာနိုင်တယ်ဆို‌တော့ စိုးရိမ်နေရတယ်။ လျှပ်စစ်မီးလည်း မရှိဘူး။ အင်တာနက်လိုင်းလည်း မရ။ ဖုန်းကလည်း ရတချက်၊ မရတချက်နဲ့ဆိုတော့ အကူအညီတောင်းဖို့လည်း အခက်အခဲတွေရှိတယ်။ ချက်စားရာလည်း မရှိဘူး။ ဈေးဆိုင်တွေကလည်း ရေကြီးတော့ အကုန်ပိတ်ထားတယ်။ အကုန် ဒုက္ခ‌ရောက်နေကြတာ။ တတ်နိုင်သမျှ ကူညီပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ချက်ပြုတ်စားသောက်ဖို့ အခက်အခဲတွေ ရှိနေသလို သောက်သုံးရေ၊ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေလည်း အရေးပေါ် လိုအပ်နေပြီး အဲဒီနေရာတွေမှာ စစ်ဘေးရှောင်တွေလည်း အများကြီးရှိတဲ့နေအတွက် တပူပေါ်နှစ်ပူဆင့်ဆိုသလို ထပ်တိုးဒုက္ခတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။
လက်ရှိ အင်းလေးဒေသရေကြီးမှုဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး အခြေအနေဖြစ်တယ်လို့ သိရပြီး အင်းလေးကန်အတွင်း ရေစီးဝင်ရာအပေါက် ၁၉ ပေါက်ရှိတာမှာ ရေပြန်ထွက်ရာအပေါက်ဟာ မိုးဗြဲရေကာတာတခုသာ ရှိတဲ့အတွက် ရေပြန်ကျဖို့ လနဲ့ချီ ကြာမြင့်တတ်တာဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW