စက်တင်ဘာ ၂၉ ရက်ကစပြီး ကမ္ဘာမှာ လနှစ်စင်း ထွက်တော့မယ်



ဝါရှင်တန်၊ စက်တင်ဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)

လာမယ့် စက်တင်ဘာ ၂၉ ရက်ကစပြီး နိုဝင်ဘာ ၂၅ ရက်ထိ ကမ္ဘာမှာ လနှစ်စင်းထွက်မယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုပြောဆိုလိုက်ပါတယ်။

သေးငယ်တဲ့ ဂြိုဟ်သိမ်တခုဟာ ကမ္ဘာမြေဆွဲငင်အားကြောင့် ယာယီလအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး လအနည်းငယ်ကြာတဲ့အထိလည်း တွေ့မြင်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားကိုတော့ နာဆာရဲ့ Asteroid Terrestrial-Impact Last Alert System (ATLAS) စနစ်ကတော့ ဩဂုတ် ၇ ရက်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

2024 PT5 လို့ပညာရှင်တွေက အမှတ်သညာပြုထားတဲ့ အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှားဟာ ကမ္ဘာနဲ့အတော်လေးဆင်တူတဲ့ ပတ်လမ်းရှိတဲ့ အာဂျူနာဂြိဟ်သိမ်ခါးပတ်ကနေ ပဲ့ထွက်လာတာဖြစ်ပါတယ်။

တခါတရံ အဲဒီလို ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ ကမ္ဘာဂြိဟ်ကနေ မိုင်ပေါင်း ၂ ဒသမ ၈ သန်းအကွာထိ ရှိနေတတ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ ဂြိဟ်သိမ်ဂြိုဟ်မွှားဟာ တနာရီ မိုင် ၂၂၀၀ ဝန်းကျင်နဲ့ နှေးကွေးစွာ ရွေ့လျားနေမယ်ဆိုရင် ကမ္ဘာမြေဆွဲငင်အားဟာ ဒီအပေါ်ကို ယာယီသက်ရောက်စေဖို့ လုံလောက်တယ်လို့ လေ့လာမှုမှာ ပါဝင်တဲ့ သုတေသီတွေက ပြောပါတယ်။

ဂြိုဟ်သိမ်ဟာ ခန့်မှန်းခြေအားဖြင့် လနဲ့ယှဉ်ရင် အလွန်သေးငယ်တဲ့ အရွယ်အစားဖြစ်ပြီးတယ်ရီစကုပ်နဲ့ကြည့်မှသာ မြင်နိုင်မှာဖြစ်ပါတယ်။ ဒီဂြိုဟ်သိမ်ဟာ ၂၀၅၅ ခုနှစ်မှာ ကမ္ဘာပတ်လမ်းအတွင်း တဖန်ပြန်လည်ရောက်ရှိမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

Ref;BBC
Photo:Sourceone

Related posts

✕
VOM News

FREE
VIEW