တဲလ်အဗစ်၊ အောက်တိုဘာ-၁၅-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးကို ဟဇ်ဘိုလာတွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား လေးယောက်သေပြီး တခြားလူ ၆၀ ကျော်ဒဏ်ရာရပြီးနောက်မှာ ဟဇ်ဘိုလာတွေကို အညှာအတာကင်းကင်းနဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုပြောဆိုလိုက်ပါတယ်။
အစ္စရေးမြောက်ပိုင်း ဆာဖက်ဒ်မြို့ကို ပြီးခဲ့တဲ့နေ့ ညနေပိုင်းက ဒုံးကျည်တွေနဲ့ မတိုက်ခိုက်ခင် ဟိုင်ဖာအနီး အစ္စရေး ရေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တယ်လို့ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့က ပြောပါတယ်။
ဒါဟာ ဘေရွတ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက်သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တာလို့ ဟဇ်ဘိုလာအဖွဲ့က ပြောပါတယ်။
ဘေရွတ်အပါအဝင် လက်ဘနွန်အစိတ်အပိုင်းတွေအားလုံးမှာ ဟဇ်ဘိုလာတွေကိူ အညှာအတာ အကင်းကင်းနဲ့ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဒုံးကျည်တိုက်ခိုက်ခံရမှုအပြီး ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းကို လာရောက်တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ မှတ်ချက် မထွက်ပေါ်မီ မနေ့ညကလည်း လက်ဘနွန်နယ်စပ်ရှိ ပစ်မှတ်တွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၁ ယောက်သေဆုံးခဲ့ပြီး အောက်တိုဘာ ၂၃ ရက်က လက်ဘနွန်ကို အစ္စရေးက စတင်တိုက်ခိုက်ပြီးနောက်ပိုင်း သေဆုံးသူ ၁၃၁၅ ယောက်ရှိလာပြီလို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဂါဇာစစ်ပွဲစတင်ပြီးနောက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဟဇ်ဘိုလာတွေဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ထိုးစစ်ပါ ဝင်ရောက်နေပြီး နေရပ်စွန့်ခွာသူ ခုနှစ်သိန်းနီးပါးရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Ref:AFP
Photo:Getty Images
ဟဇ်ဘိုလာတွေကို အညှာအတာကင်းကင်း တိုက်ခိုက်တော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကတိပြု
![](https://voiceofmyanmarnews.com/wp-content/uploads/2024/10/Israel-5.jpg)