နိုဝင်ဘာ ၉ – ၂၀၂၄
SS (VOM)
ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန် နေထိုင်သူတွေအနေနဲ့ ဘတ် နှစ်သောင်းထက် မပိုတဲ့ ဒဏ်ကြေး ပေးဆောင်ရမယ့်အပြင် ပြည်ဝင်ခွင့်ပါ ပိတ်ပင်ခံရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မနေ့ နိုဝင်ဘာ ၈ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူတွေ (မည်သည့်အထောက်အထား၊ လက်မှတ် ကိုင်ဆောင်သူမဆို) တရက်ကို ဘတ် ၅၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် နှစ်သောင်းထက်မပိုတဲ့ ဒဏ်ကြေးငွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ ခြွင်းချက်မရှိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် နေထိုင်ခဲ့တဲ့ သက်တမ်းလွန် ကာလအလိုက် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က “ကိုယ့်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ထက် ပိုပြီး ဒုက္ခရောက်အောင်ကိုပဲ အကြောင်းအမျိုးမျိုး ရှာနေကြတယ်။ သူများနိုင်ငံမှာ ဘာအခွင့်အရေးမှ ခံစားခွင့်မရှိဘဲ အမျိုးမျိုး အနှိမ်ခံပြီးနေနေရတာကိုကျ ဘာတခုမှ ကာကွယ်မပေးဘူး။ ဗီဇာရော၊ စာအုပ်ရော သက်တမ်းကုန်တဲ့အချိန် အဆင်ပြေပြေ သွားတိုးလို့ရအောင် အရင်ဆုံး ကူညီပေးသင့်တယ်။ အဲဒီလိုဆို ဘာမှ သက်တမ်းလွန်သွားစရာ အကြောင်းမရှိဘူး။ သူတို့ပဲ သက်တမ်းတိုးလို့ရမယ့် အချိန်ကို လှည့်ပတ် အချိန်တွေဆွဲပြီး ငွေဘယ်လိုညှစ်စားရမယ်ပဲ စဥ်းစားနေကြတာ” လို့ ပြောပါတယ်။
ထိုင်းသံရုံးရဲ့ ကြေညာချက်မှာတော့ ရက်ပေါင်း ၉၀ နဲ့ အထက် သက်တမ်းလွန် နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် တနှစ်၊ တနှစ်နဲ့ အထက် သက်တမ်းလွန် နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် သုံးနှစ်၊ သုံးနှစ်နဲ့ အထက် သက်တမ်းလွန် နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် ငါးနှစ်၊ ငါးနှစ်နဲ့ အထက် သက်တမ်းလွန် နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် ၁၀ နှစ် ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေနဲ့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522) နဲ့အညီ နေထိုင်ခွင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်တွေကို အထူးအလေးထား ဆောင်ရွက်နေခြင်းဖြစ်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာခြင်းမရှိဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန် နေထိုင်တာကို တွေ့ရှိရင်တော့ လူဝင်မှုကြီးကြပ်ရေးဗျူရို အနေနဲ့ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီမှာနေထိုင်ဖို့က ဘာစာရွက်စာတမ်းပဲလုပ်လုပ် ပိုက်ဆံပေးရတယ်။ အရင်တုန်းက ဗီဇာသက်တမ်း၊ work permit သက်တမ်းတိုး ဘတ် ၅၀၀၀ လောက်ပဲကျတာကို အခု အားလုံးပေါင်း ဘတ်တသောင်းခွဲနီးပါး ကုန်နေတယ်။ ပွဲစားတွေနဲ့ပေါင်းပြီး လုပ်စားနေကြတာ။ ပတ်စ်ပို့ စာအုပ်ပျောက် ပြန်လျှောက်ရင်လည်း အချိန်တွေဆွဲထားတာ အကြာကြီး။ တချို့ဆို တနှစ်၊ နှစ်နှစ်လောက်ရှိနေပြီ စောင့်နေရတာ။ ခုထိ ပြန်မလုပ်ပေးသေးဘူး။ အဲဒီလို ပြဿနာတွေကျ သံရုံးက ဘာတာဝန်ယူပေးလို့လဲ။ ဒီရုံးက ထုတ်လိုက်တဲ့စာတွေတိုင်းက ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် အကူအညီမဖြစ်ဘဲ ပိုပြီး ခက်ခဲသွားစေမယ့် စာတွေချည်းပဲဖြစ်နေတယ်” လို့ ထိုင်းနိုင်ငံရှိ နောက်ထပ် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးသန်း ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပြီး နိုင်ငံရေး အပြောင်းအလဲကာလ သုံးနှစ်ကျော်အတွင်း ထိုင်းနိုင်ငံကို တရားဝင် လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားဦးရေ လေးသိန်းကျော်ရှိနေကာ တရားမဝင် ဝင်ရောက်နေသူတွေကတော့ သိန်းနဲ့ချီ ရှိနိုင်တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
အမေရိကန် နုတ်ထွက်မှုကြောင့် WHO ရဲ့ ရန်ပုံငွေ လျှော့ချရဖွယ်ရှိနေ
ဂျီနီဗာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅ ရတီ(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ အမေရိကန်နုတ်ထွက်မှုကြောင့် အဖွဲရဲ့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရန်ပုံငွေကို... -
ထာဝရ ငြိမ်းချမ်းရေးအမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူပါဝင်ကြရန် ကေအိုင်အိုဥက္ကဌ တိုက်တွန်း
ဖေဖော်ဝါရီ ၆၊ ၂၀၂၅ Shy V (VOM) နောင်လာနောက်သားတွေကို စစ် မဟုတ်ပဲ... -
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့မိသားစုအိမ် မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးခံရ
ဒါကာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅ ရတီ(VOM) ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေဟာ ရာထူးကနေ ပြုတ်ကျပြီးနို်ငငံကနေ ထွက်ပြေးသွားရတဲ့ ဝန်ကြီးချုပ်ဟောင်း...