ဒီဇင်ဘာ ၁၂ – ၂၀၂၄
SS (VOM)
ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို AA ထိန်းချုပ်လိုက်ပေမယ့် စစ်ရှောင်တွေ အိမ်ပြန်ဖို့ မရေရာသေးဘူးလို့ အဲဒီစစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
မောင်တောမြို့နယ်အတွင်း ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့ နီးစပ်ရာ ကျေးရွာအသီးသီးနဲ့ လောင်းဒုံမျှာစင်၊ လှဖိုးခေါင် စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပြန့်ကြဲ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ဘေးရှောင်က လူဦးရေ ငါးသောင်းနီးပါးလောက်ရှိတယ်။ ရခိုင်၊ သက်၊ မြိုလူမျိုးတွေလည်း ပါသလို မွတ်ဆလင်နဲ့ ဟိန္ဒူလူမျိုးတွေလည်း ပါတယ်။ အခက်အခဲတွေကတော့ အများကြီးပါ။ အဓိက က လမ်းပန်းဆက်သွယ်ရေးပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီဖို့ခက်သလို ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီတွေ အပြည့်အဝ မပေးနိုင်ကြဘူး။ ကုန်ဈေးနှုန်းတွေကလည်း တက်သထက်တက်လာတော့ အလှူရှင်တွေလည်း ရှားပါးလာတယ်။ အခုဆို စားနပ်ရိက္ခာက ဆန်လောက်ပဲ နည်းနည်းကျန်တော့တယ်။ AA က မြို့ကို သိမ်းလိုက်ပြီဆိုပေမယ့် ပစ်ခတ်တာတွေက ရှိနေသေးတော့ စစ်ရှောင်တွေက အိမ်ပြန်ဖို့လည်း မလွယ်သေးဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို သိမ်းပိုက်ပြီး မောင်တောဒေသတခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ AA က မနေ့ ဒီဇင်ဘာ ၁၁ ရက်၊ မနက်အစောပိုင်းဖြစ်တဲ့ ၁ နာရီ ၄၄ မိနစ်ဝန်းကျင်မှာ သတင်းထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ နခခ – ၅ စခန်းကို လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စတင်ကာ ဝိုင်းရံပိတ်ဆို့ထားပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထိုးစစ်ရက်ပေါင်း ၅၅ ရက်ခန့် ကြာမြင့်ပြီးတဲ့နောက် အခု ဒီဇင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အခု မောင်တောမြို့ကိုရသွားပြီဆိုပေမယ့်လည်း တိုက်ပွဲတွေကတော့ ကြိုကြားကြိုကြားရှိနေသေးတယ်။ နောက်ပိုင်းမှာလည်း ဆက်ရှိနေနိုင်သေးတယ်။ တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ရှိနေသေးတာကိုး။ ဒါတွေကို သေချာကိုင်တွယ်ရှင်းလင်းနိုင်မှ မောင်တောဒေသက အလုံးစုံ အေးချမ်းနိုင်မှာ။ ပြန်လည် ထူထောင်ရေးတွေကိုလည်း သေသေချာချာ လုပ်နိုင်မှာ” လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
နခခ (၅) စခန်းဟာ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်မှာ တည်ရှိပြီး နစကတပ်ဖွဲ့ဝင် အင်အား ၇၀၀ ကျော် စခန်းချ တပ်စွဲထားတဲ့ စခန်းကြီးဖြစ်တယ်လို့ သိရပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်မှာ မောင်တောတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) အရာရှိတွေအပါအဝင် စစ်သည်အမြောက်အမြားနဲ့ တခြား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ မှ စတင်ခဲ့တဲ့ ရခိုင်ပြည်တိုက်ပွဲအတွင်း AA က မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနဲ့ သံတွဲတို့အပြင် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားပြီးဖြစ်ရာ လက်ရှိမှာတော့ မောင်တောမြို့နယ် ထပ်တိုးလာပြီဖြစ်ပါတယ်။
လက်ရှိမှာ AA အနေနဲ့ ရခိုင်ပြည်နယ်ရှိ လက်ကျန် ခြောက်မြို့နယ်ထဲမှ အမ်းနဲ့ တောင်ကုတ်၊ ဂွနဲ့ စစ်တွေမြို့နယ်တို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Photo:CJ
မောင်တောကို AA ထိန်းချုပ်လိုက်ပေမယ့် စစ်ရှောင်တွေ အိမ်ပြန်ဖို့ မရေရာသေး
![](https://voiceofmyanmarnews.com/wp-content/uploads/2024/12/Rakhine-1.jpg)