သတိပြုရမယ့် ငလျင်ဘေးအန္တရာယ်

SN (VOM)
ငလျင်လှုပ်ခတ်ခြင်းဟာ ကမ္ဘာ့မြေမျက်နှာပြင်အောက်ရှိ မြေထုတွေ ရုတ်တရက်ကျိုးပြတ် ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ လူနေမှု ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ငလျင်ဘေးအန္တရာယ်ကို အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။
သတိပြုရမယ့် ငလျင်ဘေးအန္တရာယ်
သတိပြုရမယ့် ငလျင်ဘေးအန္တရာယ်
ဘူမိဗေဒ အထောက်အထားတွေအရ မြန်မာနိုင်ငံဟာ ငလျင်လှုပ်ရှားမှုကို တွေ့ကြုံခံစားနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အတိတ်ကာလကလည်း အင်အားပြင်းငလျင်ကြီးတွေ လှုပ်ရှားခဲ့ခြင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်း ရိုက်ခတ်ခြင်းတွေ တွေ့ကြုံ ခံစားခဲ့ရပါတယ်။
မြေငလျင်လှုပ်ခတ်ပြီးနောက်မှာ မြေပြိုခြင်း၊ ဆူနာမီလှိုင်းကြီးတွေ ရိုက်ခတ်ခြင်း စတဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလို နောက်ဆက်တွဲ အန္တရာယ်တွေကြောင့် အပျက်အစီး၊ အသေအပျောက်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ အဓိက ငလျင်ရပ်ဝန်း နှစ်ခု ရှိပါတယ်။ ပထမတခုက ပစိဖိတ် ကမ်းရိုးတန်းတလျောက် အနားပတ်ထားတဲ့ ရပ်ဝန်းဖြစ်ပါတယ်။ “ပစိဖိတ်မီးကွင်း” (Pasific Ring of Fire) လို့လည်း ဆိုကြပါတယ်။ နောက်တခုကတော့ မြေထဲပင်လယ်မှ အစပြုပြီး ဟိမဝန္တာတောင်တန်းနဲ့ မြန်မာနိုင်ငံ အနောက်ရိုးမတို့ကို ဖြတ်သန်းပြီး အင်ဒိုနီးရှားကျွန်းစုတွေအထိ သွယ်တန်းနေတဲ့ “အယ်လပိုက် ငလျင်ရပ်ဝန်း” (Alpide Belt) ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လှုပ်ရှားခဲ့တဲ့ ပြင်းထန်ငလျင်အများစုဟာ ပစိဖိတ်မီးကွင်းမှာ ဖြစ်ပေါ်တာဖြစ်ပြီး အယ်လပိုက်ကတော့ ၁၇ ရာခိုင်နှုန်းခန့်သာ ဖြစ်ပွားခဲ့တယ်လို့ လေ့လာ မှတ်သားရပါတယ်။အယ်လပိုက် – ဟိမဝန္တာတောင်ဖြစ်ရပ်ဝန်းဟာ သက်နှောင်းကပ် (ဒိုင်နိုဆောတွေ မျိုးသုဉ်းပြီးချိန်မှစ) နှောင်းပိုင်းမှာ ဖြစ်ထွန်းခဲ့တာကြောင့် သက်တမ်းအားဖြင့် နုတယ်လို့ သိရပါတယ်။ တနည်းအားဖြင့် အခုထက်တိုင် လှုပ်ရှားမှု မပြီးဆုံးနိုင်သေးဘဲ မြေလွှာတွေ တိုးဝင်ခြင်း၊ ပြတ်ရွေ့ခြင်း (ငလျင်) နဲ့ မီးတောင်တွေပေါက်ကွဲခြင်း အစရှိတဲ့ ဘူမိလှုပ်ရှားမှုတွေ ရှိနေသေးတာဖြစ်ပါတယ်။
အခု ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အင်ဒိုနီးရှားကျွန်းစွယ်မှာရှိတဲ့ လီဝိုတိုဘီ လက်ကီးလက်ကီး (Lewotobi Laki-laki) မီးတောင် ပေါက်ကွဲခဲ့ပြီး အင်ဒိုဘားမား ကျောက်လွှာချပ်မှာ လှုပ်ရှားမှုတချို့ ဆက်ရှိနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက် ရှမ်းကုန်းမြင့်ဒေသဟာ အနောက်ဘက် ရခိုင်ကမ်းမြှောင်ဒေသထက် သက်တမ်းပိုရင့်တဲ့အတွက် ကျောက်လွှာတွေ အထိုင်ကျ မာကျောပြီး ငလျင်လှုပ်ခတ်မှု နည်းပါးပါတယ်။
အယ်လပိုက် – ဟိမဝန္တာ အဆက်ဖြစ်ပြီး သက်တမ်းနုတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းချိုင့်ဝှမ်းနဲ့ ဧရာဝတီမြစ်ဝှမ်း၊ အနောက်ရိုးမတို့မှာတော့ ကျောက်လွှာချပ်တွေ ရွေ့လျားမှု ရှိနေသေးတာကြောင့် ငလျင်လှုပ်ခတ်မှုတွေ ကြုံတွေ့ရနိုင်ပါသေးတယ်။ အထူးသဖြင့် အနည်ကျကျောက် များစွာရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ချိုင့်ဝှမ်းရဲ့ ဘေးနှစ်ဘက်ဟာ မြေမာနှစ်ခုကြား ညပ်နေတဲ့ မြေပျော့ဖြစ်တဲ့အတွက် ငလျင်လှုပ်ခတ်မှု ပိုများနိုင်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ မည်သည့်နေရာ၊ မည်သည့်အချိန်မှာ မည်မျှပြင်းအားရှိတဲ့ ငလျင်လှုပ်မယ်ဆိုတာကိုတော့ သိပ္ပံနည်းကျ မည်သူမျှ မသိရှိနိုင်သေးတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ အဓိက သက်ရှင် ပြတ်ရွေ့ကြီးအဖြစ် စစ်ကိုင်းပြတ်ရွေ့အပြင် ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စတဲ့ ပြတ်ရွေ့တွေနဲ့ ပြတ်ရွေ့ငယ်များစွာ တည်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မြေငလျင်ဌာနခွဲ) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အင်အား ရစ်ချ်တာစကေး ၆ နဲ့အထက် လှုပ်ခတ်နိုင်တဲ့ ငလျင်ကြောကြီး ငါးခုနဲ့ ရစ်ချ်တာစကေး ၂ မှ ၅ အထိ လှုပ်ခတ်တတ်တဲ့ မြေငလျင်ကြော ၄၀ ခန့် ရှိနေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံဟာ မြေငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားဖို့လိုအပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။
“စစ်ကိုင်းပြတ်ရွေ့ကြော တလျှောက်ကတော့ အရင်ကလည်း ငလျင်လှုပ်ခဲ့ဖူးတယ်ဆိုတော့ အမြဲမပြတ်တော့ ဂရုစိုက်ရမှာပေါ့။ station တွေ၊ record တွေကို ၂၄ နာရီ အမြဲမပြတ် စောင့်ကြည့်ရမှာပါ။ အကယ်၍ သိတယ်ဆိုရင်လည်း ကျွန်တော်တို့က ငလျင်လှုပ်ပြီးမှ သိရတာဖြစ်တဲ့အတွက် အင်အား ဘယ်လောက်ရှိတယ်၊ ဘယ်နေရာဆိုတာကို တိုင်းတာပြီးတော့ပဲ ထုတ်ပြန်ပေးနိုင်တာပေါ့။ အဲဒီ အရပ်ဒေသမှာ နေတဲ့သူတွေကတော့ ငလျင်အန္တရာယ်ကို ပိုပြီးတော့ သတိပြုသင့်ပါတယ်” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မြေငလျင်ဌာနခွဲ) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကိုင်းပြတ်‌ရွေ့ကြောနဲ့ ပတ်သက်လို့ မြေငလျင်သတင်းများစင်တာမှ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးထွန်းထွန်းခိုင် (VHD) ကတော့ ဒီပြတ်ရွေ့ကြောဟာ စိုးရိမ်စရာရှိနေတယ်လို့ ဆိုပါတယ်။ အင်အားပြင်းမြေငလျင်ကြီး တကျော့ပြန်လာနိုင်ဖို့ မြေပြင်အနေအထား၊ fault ရဲ့အလျား မိုင်၊ plates တွေရဲ့ စွမ်းအင်ပံ့ပိုးနိုင်မှု စတာတွေအားလုံး ခြုံငုံသုံးသပ်မယ်ဆိုရင် စစ်ကိုင်းပြတ်ရွေ့ကြောကနေ ပြီးပြည့်စုံတဲ့ အင်အားပြင်းမြေငလျင် လှုပ်ရှားလာနိုင်ခြေဟာ ထင်ထားတာထက်ကို ပိုပြီး မြန်မြန် ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
“ဒီကနေ့ လူနေထူထပ်တဲ့ မြို့ကြီးပြကြီးအများစုဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ၊ ဒါမှမဟုတ် ပြတ်ရွေ့ကြောရဲ့လက်တကမ်းမှာ လုံးဝ ရောက်ရှိနေကြတာဖြစ်လို့ စစ်ကိုင်းပြတ်ရွေ့ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုနေပြီး ရနိုင်သမျှ မြေငလျင်ကြိုတင်ကာကွယ်ရေး နည်းလမ်းအားလုံး အရယူထားကြဖို့ လိုပါတယ်” လို့ ဦးထွန်းထွန်းခိုင်က ပြောပါတယ်။
မြေငလျင်ဟာ နေရာရွှေ့ပြောင်းလှုပ်ခတ်ခြင်းထက် မြေငလျင်ငယ်တွေ လှုပ်ရှားတဲ့နေရဒေသ၊ အရင်လှုပ်ရှားခဲ့ဖူးတဲ့ မြေငလျင်ကြီးတွေရဲ့ ဗဟိုချက် အနီးပတ်ဝန်းကျင်မှာသာ တဖန်ပြန်ပြီး လှုပ်ရှားတတ်တဲ့ သဘောသဘာဝ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာ နေအိမ်၊ ကျေးရွာ၊ မြို့ပြတွေမှာ ပြတ်ရွေ့ကြောတွေ၊ မြေငလျင်လှုပ်ခတ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေ ရှိ၊ မရှိ လေ့လာပြီး မြေငလျင်ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိထားခြင်းကသာ အင်အားပြင်းထန်တဲ့ မြေငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ အကောင်းဆုံး‌ ဖြေရှင်းချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးကိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့ဟာ ၂၀၂၄ ခုနှစ်အတွင်း မြေငလျင် Active တက်ကြွမှုအဖြစ်ဆုံး ဒေသတွေ၊ မြေငလျင်အများဆုံး လှုပ်ခတ်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ထူးခြားတာက ၂၀၂၄ ခုနှစ် တနှစ်တာအတွင်းမှာ (ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ) ပြင်းအားပမာဏ မဂ္ဂနီကျု ၆ ဒသမ ၀ နဲ့အထက် အင်အားပြင်း မြေငလျင်တွေ မြန်မာပြည်တွင်းမှာ လှုပ်ရှားလာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
ဒါဟာ လက်တလော သတိပြုရမယ့်အချက်ဖြစ်ပြီး အကယ်၍များ အားပြင်းမြေငလျင် လှုပ်ရှားပါက စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့ဟာ ပထမဦးစားပေး စိုးရိမ်ရမယ့်ဒေသတွေဖြစ်ပြီး ဧရာဝတီနဲ့ မကွေးတိုင်းတို့ကတော့ ဒုတိယအဆင့် ဂရုပြုရမယ့် နေရာမှာရှိတယ်လို့ သိရပါတယ်။ တတိယအနေနဲ့ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း‌ စတဲ့ ဒေသတွေမှာ မြေငလျင်ငယ်၊ အားအသင့်အတင့်‌ စတာတွေ သတိထားဖို့လိုလိမ့်မယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့မြန်မာနိုင်ငံဟာ မြေငလျင်ဒဏ်ခံရနိုင်တဲ့ မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး ‌မကြာခဏ ငလျင်လှုပ်ရှားမှုတွေ မလွှဲမသွေ ထပ်ပြီးကြုံရဦးမှာပါ။ မြေငလျင်လှုပ်ရှားတာနဲ့ လူအများစုက စစ်ကိုင်းပြတ်ရွေ့ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ စစ်ကိုင်းပြတ်ရွေ့နည်းတူ အန္တရာယ်ရှိပြီး အသက်ဝင်နေတဲ့ နောက်ထပ်ပြတ်ရွေ့ လေးခုဟာ အရှေ့၊ အနောက်၊ တောင်၊ အရပ်လေးမျက်နှာမှာ ရှိနေပြီး အင်အားပြင်းမြေငလျင်တွေ အချိန်မရွေး လှုပ်ရှားနိုင်တာကိုလည်း သတိပြုရမှာဖြစ်ပါတယ်” လို့ ဦးထွန်းထွန်းခိုင်က ပြောပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းအတွင်းမှာတင် နာမည်တပ်ခြင်းမရှိတဲ့ ပြတ်ရွေ့အတိုအပြတ် ဒါဇင်ဝက်ကျော်ရှိနေတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် တခြား သဘာဝ ဘေးအန္တရာယ်တွေထက် မမြင်နိုင်တဲ့ မြေငလျင်ဘေးအန္တရာယ်ကို အလေးပေး သတိပြုနိုင်ကြဖို့ ဦးထွန်းထွန်းခိုင်က အကြံပြုနိုးဆော် တိုက်တွန်းထားပါတယ်။
မြေငလျင်ဟာ နေရာရွှေ့ပြောင်းလှုပ်ခတ်ခြင်းထက် မြေငလျင်ငယ်တွေ လှုပ်ရှားတဲ့နေရာဒေသ၊ အရင်လှုပ်ရှားခဲ့ဖူးတဲ့ မြေငလျင်ကြီးတွေရဲ့ ဗဟိုချက် အနီးပတ်ဝန်းကျင်မှာသာ တဖန်ပြန်ပြီး လှုပ်ရှားတတ်တဲ့ သဘောသဘာဝ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာ နေအိမ်၊ ကျေးရွာ၊ မြို့ပြတွေမှာ ပြတ်ရွေ့ကြောတွေ၊ မြေငလျင် လှုပ်ခတ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေ ရှိ၊ မရှိ လေ့လာပြီး မြေငလျင် ကြိုတင်ကာကွယ်မှု၊ ကြိုတင် ပြင်ဆင်ထားမှုတွေ ရှိထားခြင်းကသာ အင်အားပြင်းထန်တဲ့ မြေငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ အကောင်းဆုံး‌ ဖြေရှင်းချက်ဖြစ်တယ်ဆိုတဲ့အကြောင်း ရေးသား ဖော်ပြလိုက်ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW