စစ်တွေမြို့အနီးထိ AA က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

ဖေဖော်ဝါရီ ၉ – ၂ဝ၂၅
KKO(VOM)
စစ်တွေမြို့အနီးကို အာရက္ခတပ်တော် AA ပစ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် တလုံးကျလာလို့ မြို့ပေါ်အထိတိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက VOM ကိုပြောပါတယ်။
ဒေသတွင်းသတင်းတွေအရ AA က စစ်တွေမြို့အနီးအနားထိ တိုက်ခိုက်မှုတွေရှိနေပြီး အခုဖေဖော်ဝါရီလ ၇ ရက်နေ့ကစလို့ စစ်တွေမြို့ရှိရာဘက်နဲ့ နစက တပ်အခြေစိုက်စခန်းတွေရှိရာဘက်ကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
သို့သော်လည်း စစ်တွေမြို့ပေါ်မှာတော့ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်၊နံနက်ပိုင်းအချိန်အထိ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ပုံမှန်အတိုင်းရှိနေတယ်လို့ စစ်တွေမြို့ဒေသခံတွေက VOM ကို ပြောပါတယ်။
“စစ်တွေမြို့အပြင်ဘက်ကို လက်နက်ကြီးတလုံးကျတယ်လို့လည်းပြောတယ်။တပ်ရင်း (၁)ရှေ့မှာ ကျတယ်ပြောတယ်။ဒီဘက်ကိုလှမ်းပစ်တာ လက်နက်ကြီးတလုံးကျတယ်လို့ ပြောနေကြတယ် ။ရသေ့တောင်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ သတင်းတွေကြားနေရပေမယ့်၊ဒါကိုအတည်ပြုလို့ တော့မရသေးဘူး၊တချို့ဒေသခံတွေကလည်း မသိကြဘူး။စစ်တွေနဲ့ ပတ်သက်ပြီး လက်ရှိသတင်းအားလုံးက မှန်တာရှိသလို၊ မမှန်တာလည်းရှိပါတယ်။သတင်းအားလုံးကတော့ မှန်တာမဟုတ်ပါဘူး။ဒီနေ့ မနက်အထိက စစ်တွေမြို့ပေါ်မှာအေးချမ်းပါတယ်၊ဘာမှမဖြစ်ဘူး။ပုံမှန်အခြေအနေပါပဲ”လို့ စစ်တွေမြို့ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနအချို့တော့ စစ်တွေမြို့ အပြင်ဘက်ရှိ နစက တပ်စခန်းတွေကို AA ကလက်နက်ကြီးတွေနဲ့ အပြင်းအထန်ပစ်ခတ်နေတာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
“AA ရဲ့ ကြေညာချက်ထဲမှာသူတို့က စစ်တွေကိုလည်း သိမ်းမယ်ဆိုတာလည်းပါတယ်လေ၊AA ကအဝေးကနေ လှမ်းလှမ်းပစ်နေတာ၊ဟိုနားကလာပစ်လိုက်၊ဒီနားကလာပစ်လိုက်ပေါ့၊အဲလိုတွေတော့ကြားရတယ်၊နောက်ပိုင်းတော့ဘာတွေဖြစ်မလဲ မသိဘူး”လို့ စစ်တွေမြို့နေ ပြည်သူတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် စစ်တွေမြို့ပေါ်ကို စစ်ရှောင်လာကြတဲ့သူတွေဟာလည်း အခုကာလမှာ အများအပြားရှိနေတယ်လို့ သိရပြီး AA အဖွဲ့က စစ်တွေမြို့နား အနီးတဝိုက်နေရာတွေကို ရံဖန်ရံခါ လာရောက်ပစ်ခတ်မှုတွေရှိနေတာဖြစ်တယ်လို့ စစ်တွေမြို့ဒေသခံတွေက ပြောပါတယ်။
AA အဖွဲ့က၂ဝ၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့ကစလို့ သူတို့ရဲ့စစ်ရေးလှုပ်ရှားမှု အနေနဲ့ရခိုင်ဒေသတွင်း တိုက်ပွဲတွေကိုစတင်ခဲ့တာဖြစ်တာဖြစ်ပြီး လက်ရှိမှာ စစ်တွေ၊ကျောက် ဖြူနဲ့ မာန်အောင် မြို့(၃)မြို့ကလွဲလို့ ရခိုင် ပြည်နယ်တခုလုံးနီးပါးခန့်ကို ထိန်းချုပ်ထားပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေတိုးလာခဲ့ပြီး အခြားလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသတွေထက် စစ်ဘေးဒုက္ခသည် ၉၈ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ သူတို့ရဲ့ လေ့လာမှုစစ်တမ်းတရပ်မှာဖော်ပြထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW