ရန်ကုန်သို့ ပထမဆုံးရောက်ဖူးခြင်း

 

ဆူးငှက်

ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလို လိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင် ပြတင်းပေါက် ဘေး မထိုင်ရလျှင် မူးတတ်သူအဖို့ ထိုသို့သာ လက်မှတ်မဲ့နှင့် ဖြစ်သလိုလိုက်ရလျှင် သေဖွယ်သာ ရှိတော့သည်။ ထို့ကြောင့် မလိုက်ဖြစ်။

သည်ကြားထဲ တစ်လတစ်ကြိမ်လောက် ရန်ကုန်သို့ မှောင်ခ်ုကုန်ကူးသွားကြသည့် အစ်ကိုတွေကလည်း ခေါ်ပါသည်။ သို့သော် သူတို့က အရောင်းအဝယ်ကိစ္စနှင့် သွားကြသောကြောင့် မနက်ရောက် ညရထားပြန်စီးလျှင်လည်း စီးကြသည်။ ကိုယ်က ကန့်လန့် ကန့်လန့်နှင့်မို့ မဖြစ်။ ဤသို့ဖြင့် ရန်ကုန်ဟူသည် ကျွန်တော့် အတွက် ဒုလ္လဘတရားကြိးပဲ ဖြစ်သည်။ သို့သော် ရောက်ဖူးချင်သည်က အိပ်မက်ထဲမှာပင် ရန်ကုန်သို့ ရောက်ကြောင်း မကြာခဏ မက်သည်။

ဒီလိုနှင့် ၁၉၇၉ နှစ်ကုန်လုမှ ရန်ကုန်သို့ ရောက်ဖြစ်ဖို့ အကြောင်းဖန် လာတော့သည်။ မုံရွာက အစ်မ၏ ခင်ပွန်း ယောက်ဖက ရန်ကုန် သွားရမည်။ အစ်မကလည်း ကလေးတစ်ဖက်နှင့် မအားလို့ ကျွန်တော်က အဖော် လိုက်ရမည်ပေါ့။ သည်လိုနှင့် မန္တလေးက ညရထားနှင့် ရန်ကုန်သို့ ခရီးထွက်ကြသည်။ ကျွန်တော်၏ ရန်ကုန်သို့ ပထမဦးဆုံး ခရီးပေါ့။ ၁၉၇၉ ဒီဇင်ဘာ၏ နှင်းဆွတ်ကာလမှာမို့ ခရးလမ်းပန်းက လှပပါ၏။ ရထားကလည်း ရန်ကုန်သို့ မနက်စောမှာပင် အချိန်မှန် ဝင်သည်။ ရန်ကုန်အဝင် ကတည်းက လင်းနေပြီမို့ မြင်ကွင်းက ထင်ရှားပါသည်။ ယောက်ဖက ရန်ကုန်အဝင် ရထားလမ်းဘေးက အင်ဖက်မိုးတဲလေးတွေ ပြွတ်ညပ်နေသော တန်းလျားလူနေအိမ်တွေ၊ အမှိုက်တွေ ပိတ်ဆို့နေသော ရေဆိုးမြောင်းတွေ ကျပ်ညှပ်နေသော ဘတ်စ်ကားတွေကို ပြပြီး ရန်ကုန်ဆိုတာ အများစုက ဒါမျိုးတွေကွ၊ နိုင်လွန်လမ်းတွေ၊ တိုက်ကြီးတွေ၊ မှန်လုံကားတွေဆိုတာ မြို့လယ်ခေါင် ကွက်ကွက်လေးပဲ ရှိတာဟု ပြောပြသည်။ သည်လိုနှင့် ရန်ကုန်ဘူတာကြီးရောက်၊ သုံးဘီးငှားပြီး သူတည်းနေကျ ဘားလမ်းက မြို့မတည်းခိုခန်းသို့ သွားသည်။ ဘူတာကြီးက ဘားလမ်းတည်းခိုခန်းသို့ သွားသည့် ခရီးတိုလေးမှာပဲ ကျွန်တော် ရောက်ဖူးချင်သော ရန်ကုန်က ပြည့်စုံလုပါပဲလေ။

ဘားလမ်းမြို့မတည်းခိုခန်းရောက်တော့ အခန်းမရှိတော့။ ထို့ကြောင့် မျက်စောင်းထိုးက စံပြတည်းခိုခန်းသို့ မေးကြည့်ရာ ၁၂နာရီထိုးလျှင် အခန်းရမည်။ အခု ဧည့်ခန်းမှာ ခဏစောင့်ပါ။ ဒါမှမဟုတ် ပစ္စည်းတွေ ထားပြီး အပြင်သွားချင်လည်း ရပါတယ်ဟုဆိုတော့ ပစ္စည်းတွေထားပြီး အနော်ရထာလမ်းဘက်ထွက်ကြသည်။ ရန်ကုန်ရောက်ပြီး နောက်ရက်ရောက်တော့ ယောက်ဖက သူ့အမျိုးများရှိသည့် မြေနီကုန်းသို့ အလည်သွားသည်။ သူ့အစ်ကိုဝမ်းကွဲဟု သိရသည်။ မြေနီကုန်းက လမ်းတော့ မမှတ်မိ။ အိမ် ၂ထပ် ပျဉ်ထောင်အိမ်ကြီး ဖြစ်သည်။ သူတို့က အပေါ်ထပ်မှာမို့ အပေါ်ထပ်တက်တော့ အိမ်ခန်းက ရှေးအိမ်ကြီး၏ သပ်ရပ်သော အပြင်အဆင်ဖြစ်သည်။ ကြမ်းခင်း ပျဉ်များကလည်း သန့်ရှင်း ပြောင်လက်လို့။ ယောက်ဖ၏ အစ်ကိုဝမ်းကွဲ ဆိုသူက ဧည့်ခန်းက ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း သတင်းစာ ဖတ်နေသည်။ ခပ်လှမ်းလှမ်မှာ ကျွန်တော်နှင့် ရွယ်တူလောက် ဖြစ်ပုံရသည့် မိန်းကလေးတစ်ဦးက ကျောင်းစာ လုပ်နေပုံရသည်။ သူ့နှင့် မတိမ်းမယိမ်း တစ်ယောက်ကလည်း အနားမှာ ရှိနေသည်။ ကျောင်းသူ ညီအစ်မဖြစ်လိမ့်မည်။ ဖျပ်ကနဲ မြင်လိုက်ရသည်မှာပင် သွယ်သွယ်ချောချောလေးတွေဟု ခန့်မှန်းနိုင်သည်။

ယောက်ဖနှင့် ကျွန်တော်က သူ့အစ်ကိုဘေးရှိ ဆက်တီမှာ ဝင်ထိုင်ရင်း လာရင်းကိစ္စကို ပြောပြနေသည်။ မိန်းကလေး၂ယောက်ကလည်း စိတ်ဝင်စားပုံရသည်။ စာအုပ်ပေါ်က မျက်နှာကိုခွာကာ လှမ်းကြည့်နေကြ၏။ ထိုစဉ် ကျွန်တော့်ကို ယောက်ဖက သူက “ကျွန်တော်အမျိုးသမီးရဲ့မောင်လေ၊ မောင်ကျော်ဆန်း တဲ့၊ တက္ကသိုလ်နောက်ဆုံးနှစ်” ဟု မိတ်ဆက် ပေးတော့ အိမ်ရှင်က သြော်..၊ မင်းက ရန်ကုန်မရောက်ဖူးလို့ အလည်လိုက် လာတာလားဟု မေးလိုက်သောအခါ ကျွန်တော်တို့ကို အာရုံစိုက်နေသော မိန်းကလေးတွေရှေ့မို့ ကျွန်တော့်မှာ မျက်နှာ ထူပူသွားသည်။ သည်တော့ ကျွန်တော်ကလည်း ချက်ချင်းပင် “မဟုတ်ပါဘူးဗျ” ဟု ဘာကိုမဟုတ်တာမှန်းမသိ နှုတ်က ယောင်ယမ်း ထွက်သွားတော့သည်။ တကယ်က ရန်ကုန်ကို အခုမျ ရောက်ဖူးတာလားဟူသော မေးခွန်းကို ဟုတ်ပါတယ်ဟု မဖြေဝံ့ခြင်း ဖြစ်သည်။ သည်တော့ ဘုရားဖူးလိုက်လာတာ ဆိုသည်ကို မဟုတ်ဘဲ အလုပ်ကိစ္စလိုလို ဝေ့လည်ကြောင်ပတ် ဖြေခြင်း ဖြစ်သည်။

ဟုတ်သည်လေ၊ ရွယ်တူ မိန်းကလေးချောချောလေးတွေရှေ့ တောဘုန်းကြီးကျောင်းသား ရန်ကုန် စရောက် သလိုမျိုး အထင်မခံနိုင်ပေ။ ထို့နောက် အိမ်ရှင်က ကျွှန်တော့်ယောက်ဖကို အခု “မင်းတို့ ဘယ်မှာ တည်းကြသလဲကွ” ဟု မေးသောအခါ ဦးဇော်ဝင်းက စံပြတည်းခိုခန်းမှာဗျ ဟု ဖြေတော့ အိမ်ရှင်က မျက်မှောင် ကြုံ့ပြီး စံပြတည်းခိုခန်းက မြို့ထဲမှာလားဟု မေးသည်။ သည်တွင် ကျွန်တော်က အားကျမခံ ရန်ကုန်ကို အကြိမ်ကြိမ်ရောက်ဖူးပြီး နှံ့စပ်သူပမာ စံပြတည်းခိုခန်းက “ဘားလမ်းမှာပါ” ဟု ဖြေလိုက်သည်။

အိမ်ရှင်က “ဘားဘမ်း ဘယ်အပိုင်းမှာလဲက”ွ ဟု ထပ်မေးတော့ ယောက်ဖမဖြေမီ ကျွန်တော်က “ဖရေဇာလမ်းနဲ့ ဒါလဟိုဆီ လမ်းအကြားမှာပါ။ မြို့တော်ခန်းမနဲ့ နီးပါတယ်” ဟု ခပ်သွက်သွက် ဖြေလိုက်တော့သည်။ သည်တော့မှ အိမ်ရှင်က သြော်.. ဟု နေရာကို သိသွားတော့သည်။ တော်သေး၊ ကျွန်တော်ကလည်း အရင်က ရွှေဥဒေါင်း၏ စုံထောက်မောင်စံရှား ဝတ္ထုတိုများ ဖတ်ဖူးထားလို့ ဖရေဇာလမ်းတွေ၊ ဒါလဟိုဆီလမ်းတွေ၊ ယောက်လမ်းတွေ၊ မဂိုလမ်းတွေ လောက် တီးမိခေါက်မိ သိထားလို့ ဟန်ကိုယ့်ဖို့ နိုင်ခြင်း ဖြစ်သည်။

အိမ်ရှင်က မင်းတို့ တည်းခိုခန်းမှာဆိုတော့ အပိုကုန်နေမှာပေါ့။ ဒီမှာ အကျယ်ကြီးပဲ၊ မင်းတူမနှစ်ယောက်နဲ့ ဒို့ဇနီးမောင်နှံ ၂ယောက် ၊ ပေါင်း၄ယောက်ပဲရှိတာ၊ ဒီပြောင်းခဲ့ကြပါလား တဲ့။ ဘုရားဘုရား.. ယောက်ဖကများ ဟုတ် အစ်ကိုဟု ပြောလိုက်လေမလား၊ အကယ်၍ ပြောင်းများ တည်းလျှင် သည် ရန်ကုန်သူညီအစ်မချောချောလေးတွေ နှစ်ယောက်အိမ်မှာ ဘယ်လိုနေရမလဲမသိ၊ ကျွန်တော်က လုံးဝမနေတတ်၊ မရိုသေ့စကား အိမ်သာပင် ဝင်ရဲမှာ မဟုတ်။

တော်သေးသည်။ ယောက်ဖက နေပါစေ အစ်ကို၊ ကျွန်တော့် အလုပ်တွေက မြို့ထဲမှာချည်းရော၊ တွေ့ရမယ့် ဧည့်သည်တွေကလည်း မြို့ထဲမှာမို့ တည်းခိုခန်းကပဲ အဆင်ပြေလို့ပါ ဟု ဖြေလိုက်မှ သက်ပြင်းချနိုင်သည်။ ထိုအခါ အိမ်ရှင်က အေးပါကွာ၊ ဟုတ်ပါတယ်၊ အဲ့ဒီနေရာက ပိုအချက်အချာကျတာပေါ့၊ ဒါပေမယ့် မင်းတို့ အဆင်ပြေမယ့်နေ့တော့ အိမ်မှာ ထမင်းတစ်နပ်တော့ လာစားကြဦးကွ ဟု ဖိတ်သည်။ ယောက်ဖက ရပါတယ်အစ်ကို၊ တကူးတကန့် လာမစားတော့ပါဘူး၊ နောက်အခေါက်တွေ အမျိုးသမီးရောပါလာမှ သီးသန့် လာခဲ့ပါ့မယ် ဟု ဖြေလိုက်သည်။ ထိုအိမ်မှာ ချကျွေးသော ကော်ဖီနှင့် မုန့်ကိုစားပြီး ရုံးဖွင့် လောက်သည်မို့ ယောက်ဖ၏ အလုပ်ကိစ္စနှင့် ပတ်သက်သော စာပေဗိမာန်သို့ ခရီးဆက်ကြ၏။ မန္တလေးကတောသားတစ်ယောက် ရန်ကုန်သို့ ပထမဦးဆုံးရောက်ဖူးစဉ်က “ဘားလမ်းတွေ၊ ဖရေဆာလမ်းတွေ၊ ဒါလဟိုဇီလမ်းတွေ”ဟု ပြောလိုက်ရတာ ပြန်လှန်စဉ်းစားမိတိုင်း အရသာရှိလှပါ၏။

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW