ရွှေအလေးချိန် ပြောင်းပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ဆက်လက်ပြုလုပ်နေ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၅
SS (VOM)
အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်စနစ် ပြောင်းလဲလိုက်ပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ပြုလုပ်နေဆဲဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
ရွှေအလေးချိန်စနစ်ကို မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန် သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကာ ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲ ကျင့်သုံးဖို့ ဓါတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ ဈေးကွက်အတွင်းမှာတော့ စနစ်ဟောင်းဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့သာ ဈေးဖွင့်‌ပြီး အရောင်းအဝယ် ပြုလုပ်နေဆဲဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“အကယ်ဒမီက အခုထွက်လာတဲ့ ၁၀ သားတွေကတော့ စနစ်သစ်နဲ့ ထွက်လာပြီပေါ့။ ဒါပေမယ့် ဈေးကွက်ထဲမှာ အရောင်းအဝယ်ကတော့ စနစ်ဟောင်းနဲ့ပဲ လုပ်နေတုန်းဆိုတော့ အခု ဒီဟာ စနစ်သစ်နဲ့ ထွက်လာတဲ့ဟာတွေက ၁၀ သား အပြည့်မရဘူးပေါ့။ စနစ်ဟောင်းနဲ့ ပြန်ချိန်ကြည့်ရင် ကိုးကျပ် ဆယ့်သုံးပဲနဲ့ နှစ်ရွေးတခြမ်းပဲ ရတာပေါ့။ စနစ်ဟောင်းနဲ့ ဆက်သွားဖြစ်နေတာက စက်မှာ အချိန်အတွယ် ပြောင်းရတဲ့ အခက်အခဲကြောင့်တော့ မဟုတ်ဘူး။ ဈေးဖွင့်တဲ့သူတွေက စနစ်ဟောင်းနဲ့ပဲ ဖွင့်နေတော့ ဒီမှာလည်း စနစ်ဟောင်းနဲ့ပဲ ဖြစ်နေပါတယ်” လို့ သူက ပြောပါတယ်။
ဈေးကွက်ထဲ ရွှေအလေးချိန်စနစ် မပြောင်းသေးတဲ့အတွက် ရွှေချိန် အဟောင်းအတိုင်း ဝယ်ထားတဲ့ အတုံးဈေးတွေက ၁၀ သားအတိ ဈေးအတိုင်းသာ ရှိနေမှာဖြစ်ပြီး အသစ်ထွက်တဲ့ အတုံးတွေကတော့ ၁၀ သားမပြည့်ဘဲ ဖြစ်နေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“တကယ်လို့သာ ပြောင်းလိုက်မယ်ဆို အရင်ဝယ်ထားတဲ့ အတုံးတွေက ၁၀ ကို နည်းနည်းလေး ပိုသွားလိမ့်မယ်။ တကယ်လို့သာ စနစ်သစ်နဲ့ဈေးဖွင့်မယ်ဆိုရင် ရွှေဈေးက လက်ရှိပေါက်ဈေးထက် တသိန်းတသောင်း လျော့သွားမှာပေါ့” လို့ သူက ပြောပါတယ်။
ရွှေအလေးချိန်စနစ်သစ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်းရွှေအသင်းမှ တာဝန်ရှိသူတယောက်ကတော့ လက်ရှိမှာ ရွှေဆိုင်တွေအားလုံးမှာသာမက ဝယ်‌၊ ရောင်းလုပ်တဲ့သူတွေပါ အလေးချိန် အသစ်ဖြစ်တဲ့ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပြီဖြစ်တယ်လို့ ပြောပါတယ်။
“အခုက အလေးချိန်လျော့သွားတာကိုး။ အရင်အတိုင်းရောင်းရင် ရှုံးကုန်မှာပေါ့။ ဒါပေမယ့် တခုတော့ ရှိတာပေါ့။ ကျန်တဲ့ဟာတွေနဲ့ အရည်အသွေးတခု တိုင်းရင်တော့ အခြေအနေက တမျိုးဖြစ်ရင် ဖြစ်နေမှာပေါ့။ ဒါပေမယ့် ကာအကယ်ဒမီက လုပ်ပြီဆိုရင်တော့ ကျန်တဲ့ဟာတွေက အကုန်လုပ်သွားမယ့် သဘောပါပဲ။ ဘာလို့ဆို အကယ်ဒမီက ဈေးကွက်မှာ ပေါက်နေပြီးသားဆိုတော့ တယောက်လုပ်ရင် အကုန်လုံးလုပ်ရမယ့် သဘောပါ။ အလေးချိန်ကလည်း ဂရမ်စနစ်နဲ့ သွားထားတာဖြစ်တဲ့အတွက် ဝယ်နိုင်၊ ရောင်းနိုင်တဲ့ အခြေအနေပေါ့။ အရင်တုန်းက ကမ္ဘာမှာ ဂရမ်စနစ်သုံးတယ်။ ကျွန်တော်တို့ဆီမှာက ကျပ်၊ ပဲ၊ ရွေးနဲ့ သွားနေတယ်ဆိုတော့ နိုင်ငံခြားသား ရောင်းချင်၊ ဝယ်ချင်တဲ့အခါကျတော့ ပြောရဆိုရတာနဲ့ တွက်ချက်တဲ့နေရာမှာ အခက်အခဲရှိတယ်” လို့ ရွှေအသင်းတာဝန်ရှိသူက ပြောပါတယ်။
အခုလို ဂရမ်စနစ် ပြောင်းလိုက်ခြင်းအားဖြင့် ရွှေဈေးကွက်ရှိတဲ့ နေရာတွေဖြစ်တဲ့ အမေရိကန်၊ လန်ဒန်၊ အင်္ဂလန်၊ ဩစ‌တြေးလျ၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတွေနဲ့လည်း အရောင်းအဝယ် ပြုလုပ်နိုင်ပြီဖြစ်ကာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
Photo – YGEA/CJ

Related posts

Leave a Comment

VOM News

FREE
VIEW