မတ် ၂၀ – ၂၀၂၅
SS (VOM)
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းနေပေမယ့် ပြည်တွင်းရွှေဈေးကတော့ ဈေးအနည်းငယ်သာ မြင့်တက်မှု ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ မတ် ၂၀ ရက်၊ မနက်ပိုင်းမှာ တအောင်စကို ဒေါ်လာ ၃၀၄၉ အထိ မြင့်တက်နေတာဖြစ်ပြီး ဒီဈေးနှုန်းက သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ကမ္ဘာ့ရွှေဈေးက တအောင်စ ဒေါ်လာ ၂၆၀၀ ဈေးကနေ သုံးလအတွင်း ၃၀၅၀ နားကို ရောက်လာခဲ့ပြီပေါ့။ အမေရိကန်အစိုးရရဲ့ သွင်းကုန်အခွန် သတ်မှတ်ချက် တိုးမြှင့် ကောက်ခံတာတွေ၊ ကုန်သွယ်စစ်ပွဲ အလားအလာတွေ၊ ပထဝီနိုင်ငံရေး မတည်ငြိမ်တာတွေ စတဲ့ အခြေအနေ အကြောင်းတရား အရပ်ရပ်တွေကြောင့် ကမ္ဘာ့ဈေး အတက်ကြမ်းလာတာ။ Market ကတော့ အတက်အားရှိနေပေမယ့် တအောင်စ ဒေါ်လာ ၃၀၂၄ ဈေးတန်းအောက် breakout လုပ်နိုင်ရင် အဝယ်တွေ သတိထားဖိို့ လိုပါတယ်” လို့ ဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
အဲဒီလို ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာနဲ့အတူ ပြည်တွင်း အခေါက်ရွှေဈေးလည်း လိုက်ပါ မြင့်တက်နေတာမှာ ဒီကနေ့ မတ် ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ တကျပ်သား ခြောက်ဆယ့်ခုနစ်သိန်း ရှစ်သောင်းကျပ် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
တပတ်တာ ဈေးကွက်ဖွင့်ရက်ဖြစ်တဲ့ မတ် ၁၇ ရက်နေ့ (တနင်္လာနေ့) က အခေါက်ရွှေ တကျပ်သား ခြောက်ဆယ့်ခြောက်သိန်း ရှစ်သောင်းနဲ့ ဈေးဖွင့်ခဲ့တာဖြစ်ပြီး လေးရက်အတွင်း ကျပ် တသိန်းဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင်တွေကတော့ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်နေတာ ဖြစ်ပေမယ့် အမေရိကန်ဒေါ်လာဈေး အကျဘက်မှာ ရှိနေတဲ့အတွက် ထင်သလောက် ဈေးမြင့်တက်မှု မရှိဘူးလို့ ပြောဆိုကြပါတယ်။
“ကမ္ဘာ့ရွှေဈေး တက်ပေမယ့် ပြည်တွင်းရွှေဈေးက တက်တော့တက်တယ်။ ဒါပေမယ့် နည်းနည်းပဲ လိုက်တက်တယ်ပေါ့။ အရင် ကမ္ဘာ့ရွှေဈေးတွေ ၃၀၀၀ မကျော်ခင်တုန်းက ရွှေဈေးက ၆၆ သိန်းဝန်းကျင်ပဲ ရှိတယ်လေ။ အခု တသိန်းခွဲ ကျော်ကျော်လောက်တော့ တက်သွားတာပေါ့။ ကမ္ဘာ့ရွှေဈေးတွေ တက်တာက အဓိက ကတော့ ဒေါ်နယ်လ်ထရမ့်ရဲ့ ပေါ်လစီတွေကြောင့်ပေါ့။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာ့ရွှေဈေးက တက်လိုက်၊ ကျလိုက် ဖြစ်နေတာပါ။ ထပ်တက်မလား၊ ပြန်ကျမလား ဆိုတာတွေကလည်း မှန်းရခက်ပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိမှာ အမေရိကန်ဒေါ်လာဈေးဟာ ၄၃၉၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး မတ် ၁၇ ရက်နေ့မှ စတင်ကာ ၄၄၀၀ အောက်ကို ကျဆင်း ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
“ဒေါ်လာဈေးကတော့ အကျဘက်မှာ ငြိမ်နေတယ်။ ဘာ့ကြောင့် ငြိမ်နေလဲ ဆိုတာကတော့ ပြောရတော့ ခက်တာပေါ့။ ပို့ကုန်၊ သွင်းကုန်တွေ အလုပ်မဖြစ်တာကြောင့်လည်း ပါမယ်။ အဲဒါကြောင့် ရွှေဈေးကတော့ လောလောဆယ် အနေအထားအရ သိပ်အပြောင်းအလဲဖြစ်မယ် မထင်ဘူး။ သင်္ကြန်နားနီးရင်လည်း ဈေးနှုန်း အပြောင်းအလဲက သိပ်မဖြစ်နိုင်လောက်ဘူး။ ၆၇ ၊ ၆၈ ကြားမှာပဲ သွားနိုင်တယ်” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။
လက်ရှိ အရောင်းအဝယ် အနေအထားကတော့ ဈေးကွက်အတွင်း အတုံး အရောင်းအဝယ် မရှိသလောက် ဖြစ်နေသလို ရွှေဆိုင်တွေလည်း အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
Photo – VOM