တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဧပြီ ၂၈ – ၂၀၂၅
SS (VOM)
ဒီတပတ်မှာလည်း ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဈေးကတော့ အကျဘက်မှာ ဈေးငြိမ်နေပါတယ်။
စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ‌ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစု ဈေးတက်နေပါတယ်။
အခုတပတ်ထဲမှာလည်း ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်တင် အတက်ကြမ်းခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာ့ရွှေ မြင့်တက်မှုနဲ့အတူ ပြည်တွင်းက ပြင်ပ ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်ခဲ့တာပါ။
တပတ်တာအတွင်း အမြင့်ဆုံး ဈေးတန်းအဖြစ် ဧပြီ ၂၃ ရက်နေ့မှာ ပြည်တွင်း အခေါက်ရွှေဈေးဟာ တကျပ်သား ၇၅ သိန်းခွဲဝန်းကျင်ကို ရောက်ရှိခဲ့ပါတယ်။ ဧပြီ ၂၄ ရက်နေ့မှာတော့ ခုနစ်ဆယ့်လေးသိန်း ရှစ်သောင်းဝန်းကျင်ကို ပြန်လည် ကျဆင်းခဲ့ပြီး ဧပြီ ၂၅ ရက်နေ့မှာတော့ ၇၅ သိန်းဝန်းကျင် ဈေးတန်း ဖြစ်ပေါ်ခဲ့ပါတယ်။
“ပြည်တွင်းရွှေဈေးက အတက်အကျ မငြိမ်သေးဘူး။ ကမ္ဘာ့ဈေးတက်ပေမယ့် ဒေါ်လာက ငြိမ်နေတော့ ရွှေဈေးက အတက်ဘက်ကို ထင်သလောက် မသွားနိုင်ဘူး ဖြစ်နေတာပေါ့။ ဈေးကစားတဲ့သူတွေက ဘယ်လိုပဲ ဈေးကို ဆွဲတင်ချင်ပေမယ့်လည်း ဒေါ်လာကငြိမ်နေတော့ ဈေးကွက် သိပ် လှုပ်လို့မရဘူး ဖြစ်နေကြတယ်။ အဲဒီတော့ ဒီအချိန်မှာ ရောင်းမယ့်၊ ဝယ်မယ့်သူတွေအနေနဲ့ ကိုယ့်ဘာသာချင့်ချိန်ပြီး ရောင်းမှားဝယ်မှား မဖြစ်ကြအောင်သာ ဂရုစိုက်ကြပါ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက် (တနင်္လာနေ့) က တအောင်စ ၃၂၃၃ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ဧပြီ ၂၁ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၃၃၈၀ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၁၄၇ ဒေါ်လာအထိ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။
ဧပြီ ၂၂ ရက်နေ့၊ မနက်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၃၄၇၆ ဒေါ်လာအထိ အတက်ကြမ်းခဲ့တာကို တွေ့ရပါတယ်။ ဧပြီ ၂၆ ရက် (စနေနေ့) မှာတော့ ဈေးပြန်ကျခဲ့ပြီး တအောင်စ ၃၃၁၉ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
ဒီတပတ်မှာတော့ အမေရိကန်ဒေါ်လာ အပါအဝင် ငွေလဲဈေးတချို့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာက ရောင်းဈေး တဒေါ်လာ ၄၄၁၀ ကျပ် ဝန်းကျင်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြား ငွေကြေးဈေးကွက် (FX Trading Platform) ကနေ ငွေလဲနှုန်း ၃၆၀၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ကို ဧပြီ ၂၂ ရက်နေ့မှာ ရောင်းချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါအပြင် အဲဒီနေ့မှာပဲ ငွေလဲနှုန်း ၁၂၉ ဒသမ ၅၄ ကျပ်နဲ့ ထိုင်းဘတ် တသိန်းကျော်ကိုလည်း ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက်ကိုလည်း အမေရိကန်ဒေါ်လာ ၂၅ သန်း ထပ်မံ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ဧပြီ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
လက်ရှိ ငွေလဲဈေးကွက် အတွင်းမှာတော့ တရုတ်ယွမ်ဈေးတွေ မြင့်တက်နေပြီး ၆၀၆ ဝန်းကျင်ကို ရောက်ရှိလို့နေပါတယ်။ စင်္ကာပူဒေါ်လာကတော့ ၃၃၈၀ ကျပ် ဝန်းကျင်နဲ့ ဈေးအနည်းငယ် ကျဆင်းနေပါတယ်။ ထိုင်းဘတ်နဲ့ အိန္ဒိယရူပီးကတော့ အရင်တပတ် ဈေးနှုန်းအတိုင်း ရှိနေပြီး ထိုင်းဘတ် ၁၃၁ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၁ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။
ဒီတပတ် စက်သုံးဆီ ဈေးကွက်အတွင်းမှာတော့ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၈၀၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၆၅ ကျပ်၊ ဒီဇယ် တလီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၀၁၀ ကျပ်ဆိုပြီး ဧပြီ ၂၅ ရက်နေ့က ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၇၄၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၀၀ ကျပ်၊ ဒီဇယ် တလီတာ ၂၃၉၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၆၀ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၆၅ ကျပ်၊ ၉၅ တလီတာ ၆၅ ကျပ်၊ ဒီဇယ် တလီတာ ၄၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၅၀ ကျပ်နဲ့ အသီးသီး ဈေးပြန်တက်နေပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် မြင့်တက်လျက်ရှိပါတယ်။
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးဆက်တက်နေပါတယ်။ အဲဒီလိုပဲ ဆန်ချောဈေးနှုန်းတွေလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဧပြီ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းဈေးကို တပိဿာ ၆၇၇၀ ကျပ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းနှစ်ထောင် ဝန်းကျင်မှာ မပြောင်းမလဲ ရှိနေဆဲပါ။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကလည်း ၇၂၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး အရင်တပတ် ဈေးနှုန်းအတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။
ဒီတပတ် ဆန်ဈေးကွက်အတွင်းမှာတော့ ဆန်ချောတချို့ ဈေးထပ်တက်နေပြီး ဆန်ကြမ်းတွေကတော့ ပုံမှန် အမြင့်ဈေးအတိုင်း ရှိနေပါတယ်။ ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဆင်းသွယ် (အဟောင်း) တအိတ် ကိုးသောင်းကိုးထောင်ကျပ်၊ ရက် ၉၀ ဆန် (အသစ်) တအိတ် ခြောက်သောင်းကိုးထောင်ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ ဖျာပုံပေါ်ဆန်း‌မွှေး (အသစ်) တအိတ် တသိန်းတသောင်း သုံးထောင်ကျပ်၊ ရွှေဘို (ထိပ်စ ထူးထူးရှယ်) တအိတ် ကျပ် တသိန်းရှစ်သောင်း ဝန်းကျင်အထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။
ဈေးကွက်မှာ ကြက်ဥဈေးနှုန်းတွေက အရင်တပတ် အမြင့်ဈေးအတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။ ဘဲဥဈေးတွေကတော့ ထပ်တက်လာပါတယ်။ ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ၅၀၀ ကျပ်ကနေ ၆၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ ဘဲဥဈေးကတော့ အရွယ်အစားအလိုက် တလုံး ၅၅၀ ကျပ်ကနေ ၇၀၀ ကျပ်ဝန်းကျင်အထိ ရှိလာပါတယ်။
ကုန်ခြောက်ဈေးကွက်မှာ အာလူးဈေးက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကအတိုင်း တပိဿာ ၆၀၀၀ ကျပ် ဝန်းကျင်မှာ ဆက်ရှိနေပါတယ်။ ကြက်သွန်နီကတော့ တပိဿာ ၂၅၀၀ ကျပ်နဲ့ ဈေးပြန်တက်နေပါတယ်။ ကြက်သွန်ဖြူကတော့ တပိဿာ တသောင်း ခြောက်ထောင်ကျပ် ဝန်းကျင်နဲ့ ဈေးကျနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာတော့ ဂေါ်ဖီထုပ်‌ တထုပ် ၂၀၀၀ ကျပ်နဲ့ ဈေးကျနေပါတယ်။ ပန်းဂေါ်ဖီ တပွင့် ၂၅၀၀ ကျပ်၊ ပန်းဂေါ်ဖီစိမ်း တပွင့် ၂၅၀၀ – ၃၀၀၀ ကျပ်ဝန်းကျင်နဲ့ အတက်ဈေးအတိုင်း ဆက်ရှိနေပါတယ်။
နံနံပင် တပိဿာ ၁၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း တပိဿာ ၅၀၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးတက်နေပါတယ်။ တရုတ်ကန်စွန်းရွက် တစည်း ၈၀၀ ကျပ် ဖြစ်လာပါတယ်။ ရိုးရိုးကန်စွန်းရွက် တစည်း ၃၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးကျနေပါတယ်။ ခရမ်းချဉ်သီးကတော့ တပိဿာ ၄၀၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးပြန်တက်လာပါတယ်။
အသားငါးဈေးကွက်မှာ ငါးဈေးတချို့ ဈေးပြန်ကျနေပြီး ပုစွန်ဈေးတွေ မြင့်တက်နေပါတယ်။ ငါးမြစ်ချင်း တပိဿာ ကျပ် တသောင်းခွဲဝန်းကျင်၊ ငါးကြင်း တပိဿာ ကျပ် နှစ်သောင်းသုံးထောင်ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ပုစွန်ဈေးတွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် လေးသောင်းကနေ ခြောက်သောင်းခွဲဝန်းကျင်အထိ မြင့်တက်လာပါတယ်။
ဒီတပတ်မှာတော့ ကြက်သားဈေးက ကျပ် နှစ်သောင်းဝန်းကျင်နဲ့ ဈေးပြန်ကျနေပါတယ်။ ဝက်သားဈေးကတော့ ကျပ် လေးသောင်း နှစ်ထောင်ဝန်းကျင်နဲ့ ဈေးပြန်တက်နေပါတယ်။
အဲဒီလိုပဲ အမဲသားဈေးကလည်း တပိဿာ ကျပ် သုံးသောင်းဝန်းကျင်နဲ့ ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ ဆိတ်သားကလည်း တပိဿာ ကျပ် လေးသောင်းခွဲဝန်းကျင်နဲ့ ဈေးတက်နေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW