ဗာတီကန်၊ မေ-၈-၂၀၂၅
ရတီ(VOM)
ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ဖို့အတွက် ကာဒီနယ်တွေဟာ ဗာတီကန်မှာ စုဝေးခဲ့ပြီး မဲပေးရွေးချယ်မှု ပထမအကြိမ်မှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်မှု မအောင်မြင်ခဲ့ကြောင်း Sistine Chapel ကျောင်းဆောင်ရဲ့ ခေါင်းတိုင်ကနေ အနက်ရောင်မီခိုးတွေနဲ့ အချက်ပြခဲ့ပါတယ်။
ဒီရွေးချယ်မှုအတွက် ကာဒီနယ် ၁၃၃ ပါးဟာ ၃ နာရီ ၁၅ မိနစ်ကြာ တံခါးပိတ်အစည်းအဝေးနဲ့အတူ ရွေးချယ်မှု ပြုလုပ်ခဲ့ကြပြီး စိန့်ပီတာရင်မြင်မှာတော့ လူထောင်ပေါင်းများစွာ စုဝေးရောက်ရှိပြီး ရလဒ်ကို စောင့်မျှော်ခဲ့ကြပါတယ်။
ကက်သလစ်ဘာသာဝင် ၁ ဒဿမ ၄ ဘီလီယံကို ၁၂ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ် ကွယ်လွန်ပြီးနောက် နိုင်ငံပေါင်း ၇၀ ဝန်းကျင်မှ ကာဒီနယ်တွေ တက်ရောက်နေကြပြီး ဒီကနေ့မှာတော့ ဒုတိယမြောက်နေ့ ဆက်လက်ရွေးချယ်ကြမှာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်-၁၆ နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်တို့ကိုလည်း ဒုတိယမြောက်နေ့မှသာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မနက်နှစ်ကြိမ်၊ နေ့လယ်နှစ်ကြိမ် မဲပေးပြီး ပုပ်ရဟန်းမင်းကြီး ဖြစ်လာမယ့်သူ ထွက်ပေါ်လာတဲ့အထိ ကာဒီနယ်တွေက ရွေးချယ်ကြမှာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး အသစ်ဖြစ်လာသူအနေနဲ့ ပထဝီနိုင်ငံရေး မသေချာ၊ မရေရာမှုတွေ၊ ချာ့ချ်အတွင်း သဘေထားကွဲလွဲမှုတွေ ရှိနေချိန်မှာ သံတမန်ရေးရာ ဟန်ချက်ညီအောင် လုပ်ဆောင်သွားရဖွယ်ရှိနေပါတယ်။
Ref:BBC
Photo:AP