ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ချေးငွေလျှောက်ထားနိုင်ဖို့ CHID Bank က ဖိတ်ခေါ်

မေ၁၀၊၂၀၂၅
Ms(VOM)
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ ချေးငွေလိုအပ်ပါက အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင် ဆောက်လုပ်ရေးချေးငွေများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါ တယ်။
ဆောက်လုပ်ရေးနဲ့ အိမ်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခုလို ဆောက်လုပ်ရေး ချေးငွေကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“Bankအနေနဲ့တော့ လုပ်ငန်းရှင်တစ်ဦးကို အနိမ့်ဆုံးဘယ်လောက်ကနေ ဘယ်လောက်အထိ ချေးပေးမယ်ဆိုပြီး ကျွန်တော်တို့ဘက်က သတ်မှတ်ထားတာတော့မရှိပါဘူး။ ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်ကအာမခံထားမယ့် ပစ္စည်းအပေါ်ကိုပဲမူတည်ပြီးတော့ ဆုံးဖြတ်ပေးတာဖြစ်ပါတယ် ” လို့ CHID Bank မှ တာဝန်ရှိသူတ‌ယောက်က ပြောပါတယ်။
အဆိုပါဆောက်လုပ်ရေးချေးငွေကို ချေးယူမယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ကန်ထရိုက်တာတွေအနေနဲ့Construction Loan အား အာမခံ ထားရှိတဲ့ ပစ္စည်းအပေါ်မူတည်ပြီး တွက်ချက်ကာ ချေးငွေထုတ်ချေးပေးမှာဖြစ်ရာ တနှစ်ကို အတိုးနှုန်း၁၂ရာခိုင်နှုန်း နဲ့ ငွေပြန်ဆပ်ရမယ့် ကာလကို လုပ်ငန်းပရောဂျက် အပေါ် မူတည်ပြီး ထားရှိပေးသွားမယ်လို့သိရပါတယ်။
” အခုက အင်အားပြင်း ငလျင်လှုပ် ပြီးနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းတွေက စိန်ခေါ်မှုတွေ တအားများလာပြီ၊ ပြင်ဆင်မှုအပိုင်းတွေရော၊ အသစ်ပြန်တည်ဆောက်တဲ့အပိုင်းတွေရော အပါအဝင် အခုနောက်ပိုင်းမှာ ဆောက်မယ့် အဆောက်အအုံတွေအတွက်က ဘေးအန္တရာယ်ဆိုင်ရာ စံချိန်စံညွှန်းတွေပါထည့်တွက်လာကြတော့ အရင်လို ကုန်ကျငွေနည်းနည်းနဲ့ အိမ်ရာရုပ်လုံးပေါ်ရင်ပြီးရောဆိုပြီးဘယ်ဆောက်လုပ်ရေးမှလုပ်မရတော့ဘူး၊ခိုင်ခန့်မှုတွေနဲ့ အရည်သွေးပိုင်းတွေပါကြည့်လာတော့မှာဖြစ်လို့ ဆောက်လုပ်ရေးကဏ္ဍကအရင်းအနှီးများများရှိဖို့လိုလာပါပြီ အခုလိုConstruction Loanတွေ ထားပေးတာကလည်းဆောက်လုပ်ရေးလုပ်ငန်းငယ်လေးအတွက် အထောက်အကူ ပိုပြုနိုင်မှာဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းငယ်လေးတွေ မပြိုလဲရေးအတွက် ချေးငွေနည်းနည်းနဲ့ လုပ်ငန်း များများကို ပိုလုပ်လာနိုင်ဖို့ အခွင့်အလမ်း ရဲ့လမ်းစတွေလည်းဖြစ်လာနိုင်ပါတယ်လို့” ဆောက်လုပ်ရေး လုပ်ငန်းရှင်တယောက်ကပြောပါတယ်။
CHID Bank ရဲ့ Construction Loan ကို လျှောက်ထားရယူလိုသူများအနေနဲ့ ချေးငွေလျှောက်လွှာနဲ့အတူ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံနှစ်ပုံ၊ Audited Financial Statement၊ Management Financial Report၊ Cash Flow အခွန်ပြေစာ သုံးနှစ်၊ ခြောက်လအတွင်း ရိုက်ကူးထားတဲ့ မြေပုံရာဇဝင် (ပုံစံ၁၀၅၊ ၁၀၆)၊ လုပ်ငန်း/ကုမ္ပဏီနဲ့ပတ်သက်တဲ့စာရွက်စာတမ်းအထောက်အထားများ၊ အာမခံပစ္စည်း ဓာတ်ပုံများနဲ့အခြားဆက်စပ် စာရွက်စာတမ်းများ စတဲ့ အထောက်အထားများဖြင့် လျှောက်ထားနိုင်ကာ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ CHID ဘဏ်ခွဲများနဲ့CHID Bank ရဲ့ Call Center ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
Photo- Cj

Related posts

Leave a Comment

VOM News

FREE
VIEW