အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၈)

ဆူးငှက်
မင်းတုန်းမင်းက မန္တလေးကို တည်ထောင်တဲ့အခါ မဟာအတုလဇယာရာမ တိုက်တော်အတွင်းက ”မဟာအတုလ ဝေယန်” ကျောင်းတော်ကြီးလည်း ရွှေမြို့တော်ကြီးနှင့်တစ်ပြိုင်နက် ပန္နက်ချ လုပ်ဆောင်ခဲ့တာ ၁၈နှစ်အကြာ ၁၂၃၉-ခု၊ တန်ဆောင်မုန်း လပြည့်ကျော်၁ဝရက်နေ့ တွင်မှ အပြောက်အမွှမ်းနှင့် လုပ်ဆောင်ပြီးစီးသတဲ့။
ဒီ့နောက် မဟာဝိဇယပုညကျောင်းတိုက်၊ ဝဇီရာ ရာမစိန်တုံးတိုက်၊ မတ္တရာတိုက်၊ သက်ပန်းတိုက်၊ မင်္ဂလာရာမ မောင်းထောင်တိုက်၊ မဟာဝီဇယာရာမ ခင် မကန်တိုက်၊ ရွှေကူတိုက်၊ တကောင်းတိုက်၊ မဟာဝိသုဒ္ဓါရာမ အင်းခန်းတိုက်၊ မဟာဓမ္မိကာရာမ စလင်းတိုက်၊ ဝိစိတ္တာရာမ မာရ်အောင်တိုက်၊ ဆင်တဲတိုက်၊ လယ်ကိုင်းတိုက်၊ မက္ခရာတိုက်၊ ငါးဆူတိုက်၊ စည်ပုတ္တရာတိုက်၊ တွင်းကြီးတိုက်၊ စလင်းတိုက်သစ်၊ လှတွေတိုက်-စသည့် စိန်တုံးမိဖုရား၊ လောင်းရှည်မိဖုရား၊ သက်ပန်းမိဖုရား၊ ရတနာဒေဝီနန်းမတော်မိဖုရားကြီး၊ အနောက်နန်းမိဖုရား၊ အလယ်နန်းရှင် ဆင်ဖြူမရှင်မိဖုရား၊ တောင်နန်းမတော် မိဖုရား၊ ဒေဝီစုဖုရားကြီး၊ ရွှေဘိုမင်းမိဖုရားခေါင်ကြီးနှင့် သီပေါမင်း စုဖုရားလတ်တို့ရဲ့ ကုသိုလ်ကျောင်း တိုက်ကြီးတွေလည်း ဘဝရှင်မင်းတရားကြီးရဲ့ ကုသိုလ်တော်များနှင့် တဆက်တည်း အရှေ့အနောက်တန်းပြီး တည်ရှိပါတယ်။ ယခုအခါ ဒီကျောင်းတိုက်ကြီးတွေဟာ ၆၂လမ်းမကြီး အရှေ့ဘက်ကပ်ရက် ၁၂လမ်းမှသည် ၃၅လမ်းအထိ တည်ရှိနေဆဲပါပဲ။
တခါ မန္တလေးတောင်တော် ဝန်းကျင်မှာလည်း ဘုန်းကြီးကျောင်းတိုက်ကြီးတွေ တည်ထားတော်မူရာ ဝေဠုဝန်တိုက်၊ မဟာဓမ္မိကာရာမတိုက်အပါအဝင် ရွှေကျင် ၅တိုက်၊ မဟာခေမိကာရာမ သစ်ဆိမ့်တိုက်၊ မြောက်ပြင်စလင်းတိုက်၊ မဏ္ဍလာရာမ ပြည်တိုက်၊ မိုးထိတိုက်၊ မဟာဇောတိကာရာမတိုက်၊ သောဘိတာရာမ ဒီပဲယင်းတိုက်၊ စိတ္တရာရာမ ခုံညင်းတိုက်၊ မန္တလေးတောင် အနောက်ခြမ်းမှာ ယောမင်းကြီးတိုက်၊ မှန်ကင်းတိုက်တို့ တည်ရှိတယ်။ အနောက်ပြင်မှာ ရွှေတချောင်းမြောင်းအနောက်ဘက်ခြမ်းမှာ ပြည်တိုက်၊ ငါးကျမ်းတိုက်၊ လင်္ကာရာမတိုက်၊ ကုသိုလ်တော်တိုက်၊ ရွှေလှန်တိုက်၊ အက္ကပတ်မြို့ဝန်မင်းတိုက်၊ လက်နက်ဝန်မင်းတိုက်၊ ရွှေပြည်တိုက်၊ ဒုတ်လှမ်းတိုက်၊ သာသနာလင်္ကာရတိုက်၊ မြို့သာဝန်မင်းတိုက်တွေ ရှိပါတယ်။
မန္တလေးမတည်ခင် အမရပူရခေတ် ပုဂံမင်းလက်ထက်ကတည်းက တည်ထားခဲ့တဲ့ မဟာလောကရံသီ အိမ်တော်ရာ စေတီတော် အနောက်ဘက်မှာ အိမ်တော်ရာဘုရားနှင့် မရှေးမနှောင်း တည်ခဲ့တဲ့ မိုးကောင်းတိုက်နှင့်အတူ ဂွေးချိုတိုက်၊ အနောက်ထီးလင်းတိုက်၊ ပုဂံတိုက်၊ ခင်မကန်တိုက်၊ စကုတိုက်၊ မေဃဝတီ တောင်သမန်တိုက်တွေ အသီးသီး ရှိကြသလို ဒေးဝန်းဘက်မှာလည်း အကောက်ဝန်မင်းတိုက်၊ သင်္ဂဇာတိုက်တွေ ရှိတယ်။ ဒေးဝန်းအရှေ့ပိုင်းမှာ မဟာဝေယန်ဘုံသာ တိုက်မှသည် တောင်ဘက် မြတောင်တိုက်၊ ထိုမှကင်းဝန်မင်းကြီးတိုက်၊ တောင်ခွင်မင်းကြီး တိုက်တွေရှိတယ်။ အနောက်ဘက်မှာ ငွေတောင်တိုက်မှသည် မစိုးရိမ်တိုက် အနောက် အင်းခန်း(မဟာဝိသုဒ္ဓါရုံ တိုက်သစ်)၊ ရွှေအင်ပင်တိုက်၊ မစိုးရိမ်တိုက်သစ်၊ အဘယာရာမတိုက် စတဲ့ ကျောင်းတိုက်ကြီးတွေ ရှိပါတယ်။
တောင်ပြင်မှာ မဟာမုနိဘုရားကြီးကို အမှီပြုပြီး ရွှေရေးဆောင်တိုက်၊ အသောကာရာမတိုက်၊ ဘုရားကြီးတိုက်၊ အောင်မြေရွှေဘုံတိုက်၊ ဘုံကျော်တိုက်၊ ညောင်ကန်တိုက်၊ မိုးတား ဝန်ထောက်ကျောင်းတိုက်၊ ကုသိန္နာရုံတိုက်၊ တောင်ထီးလင်းတိုက်၊ မြင်းဝန်တိုက်မှသည် မြောက်ဘက် ပေါင်းလဲတိုက်၊ ပေါက်မြိုင် အတွင်းဝန်မင်းတိုက်တွေ တည်ရှိပါတယ်။ ဗောဓိကုန်းဘက်မှာ ဗန်းမော်တိုက်၊ ဆီးဘန်နီတိုက်တွေရှိပြီး တမ္ပဝတီဘက်မှာ စလေတိုက်၊ ဆင်တဲတိုက်၊ မာန်အောင်တိုက်၊ ကတိုးတိုက်တွေ တည်ရှိတယ်။ ဒီဘုန်းကြီးကျောင်းတိုက်ကြီးတွေဟာ မန္တလေးမတိုင်ခင် အမရပူရခေတ်မှသည် ရတနာပုံခေတ် ကိုလိုနီခေတ်တွေအထိ တည်ထောင်ခဲ့တဲ့ အထင်ကရ ကျောင်းတိုက်တည်ထောင်ခဲ့တဲ့ အထင်ကရ ကျောင်းတိုက်ကြီးများကို မှတ်မိသလောက် တင်ပြရတာပါ။ ကျန်ပါလိမ့်ဦးမယ်။
ဒီလို ကျောင်းတိုက်ကြီးတွေထဲမှာ အမရပူရခေတ်ကတည်းက ထင်ရှားခဲ့တဲ့ ကျောင်းကြီး တဆောင်ဆိုပါတော့ ဒီကျောင်းတော်ကြီးရဲ့ အလှူ့ရှင်က ပုဂံမင်းရဲ့ မြောက်နန်းမတော် မိုးကောင်းမြို့စား သီရိသုစန္ဒာနန္ဒာမဟေ မိဖုရား ဖြစ်ပြီး “မဟာဝေယန်ဘုံကျော်” လို့ ဘွဲ့ခံတဲ့ ကျောင်းကြီး တဆောင် ရှိခဲ့ဖူးတယ်။ ကျောင်းတော်ကြီးက ပြာသာဒ်ဘုံ ခုနစ်ဆင့်၊ စနုဘုံ သုံးဆင်၊့ ဆောင်မကြီးဘုံ ငါးဆင့်၊ ဘောဂဆောင် သုံးဆင့်၊ သရက်ကင်း လှေကားကြီး ငါးစင်းရှိပြီး တိုင်လုံးရေ ၃၄၂ တိုင် ပါရှိတဲ့ ရွှေပိန်းချ ကျောင်းတော်ကြီးဖြစ်သတဲ့။ “ကြက်လည်ဆံ ပြန်ချ၊ မိုးကောင်း တိုင်ပေါင်းရ”လို့ ကျောင်းတိုက်ကြီးရဲ့ တိုင်ပေါင်းကို ဤသို့ အမှတ်အသား ပြုခဲ့ကြတယ်။ (ကြက်- တနင်္လာ ၂၊ လည်- ဗုဒ္ဓဟူး ၄၊ ဆံ- အင်္ဂါ ၃၊ ၂၄၃- ရတယ်။ ပြန်ချ လို့ ဆိုတာကြောင့် ၂၄၃ ကို ပြန်လိုက်လျှင် ၃၄၂ ဖြစ်တယ်။
ကျောင်းတိုက်ကြီး၏ အမည်တော်က “မဟာဝေယန်ဘုံကျော်”ဖြစ်သော်လည်း မိုးကောင်းမြို့စား မိဖုရား ကျောင်းအမကြီး ကို အစွဲပြုပြီး “မိုးကောင်း ကျောင်းတိုက်”လို့ ထင်ရှားခဲ့ပါတယ်။ (အခု အိမ်တော်ရာဘုရား အနောက်မုဒ်တည့်တည့်မှာ တည်ရှိတဲ့ ကျောင်းကြီးပါ။ ကျောင်းတော်ကြီး၏ရဲ့ အကျယ်အ၀န်းမှာက အရှေ့ အနောက် အလျားပေမှာ ၄၀၀ ရှိပြီး တောင်မြောက် အနံပေမှာ ၁၉၈ ပေရှိလို့ စတုရန်းပေပေါင်းမှာ ၇၉၂၀၀ ရှိပါတယ်။ “ကျောင်းလှ ပုဂံ၊ ကျောင်းကြီး မိုးကောင်း”လို့ အဲ့ဒီအချိန်က ဆောက်လုပ်တဲ့ ကျောင်းများမှာ လက်ရာ မြောက်လို့ လှပတာက ပုဂံကျောင်း၊ အဆောက်အဦ ပမာဏ ကြီးတာက မိုးကောင်း ကျောင်းခေါ် မဟာဝေယန်ဘုံကျော် ကျောင်း ဖြစ်တယ်လို့ အမှတ်အသား ပြုခဲ့ကြဖူးပါတယ်။ မိုးကောင်း မဟာဝေယန် ဘုံကျော် ကျောင်းတိုက် ကြီးက ရတနာပုံ မန္တလေးမြို့ထက် ၁၀ နှစ်ခန့်စောပြီး အမရပူရခေတ် ကတည်းက တည်ရှိခဲ့ ပါတယ်။
ပါတော်မူပြီး အင်္ဂလိပ်လက်ထက် ၁၂၇၁-ခုနှစ်၊ ကဆုန်လဆန်း ၅-ရက်၊ ခရစ်နှစ် ၁၉၀၉ခုနှစ် ဧပြီ ၂၃ရက် နေ့မှာ မန္တလေးမြို့ အနောက်ပြင် ပြည်ကြီးပျော်ဘွယ်ရပ်ကွက် အကွက်နံပတ် ၂၇၂ ကိုးတာ ဝင်းက မီးကြီး လောင်လိုက်တာ ၃၅ အေလမ်းမြောက်ဘက်က စတင်လောင်တဲ့ မီးက မြောက်ဘက် ၂၆ဘီလမ်း၊ ၂၂စီလမ်း မှသည် ၁၉ဒီလမ်းအထိ မပြီးဆုံးနိုင်ဘဲ ရွှေပြည်ရပ်ကွက်အထိ ကူးစက်ခဲ့သတဲ့။ မီးက ကိုးတာဝင်းအတွင်း အိမ်က ငါးကြော်ရာမှ စလောင်ကျွမ်းတာ အိမ်ခြေထူထပ်ပြီး အဝင်အထွက်လမ်းတွေ ကျဉ်းမြောင်းလို့ အင်္ဂလိပ် မီးသတ်အဖွဲ့က မြင်းဆွဲ မီးသတ်ရထားတွေလည်း ဝင်ရောက်ညှိမ်းသတ်ဖို့ အခက်အခဲရှိတာကြောင့် အိမ်ခြေ ၂၈၀၀ ကျော် မီးဘေး သင့်ခဲ့သတဲ့။
ဒီမီးဘေးက အိမ်တော်ရာဘုရားအတွင်းက ၁၄ခန်းဇရပ် အပါအဝင် ဇရပ် တန်ဆောင်းတွေလည်း လောင်ကျွမ်းခဲ့ တယ်။ ဒါမျှမက အိမ်တော်ရာဘုရား အနောက်မုခ်အနီး မဟာဝေယန်ဘုံကျော် မိုးကောင်းကျောင်းတိုက် အတွင်းက အမရပူရခေတ် ပုဂံဘုရင်နှင့် မိုးကောင်းမိဖုရားတို့ ကောင်းမှု ကုသိုလ်ဖြစ်တဲ့ မိုးကောင်း မဟာဝေယန်ဘုံကျော် ကျောင်းတော်ကြီးလည်း မီးသင့်ရာ ပါသွားခဲ့ခြင်းက တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလို့ ဆိုရပါမယ်။
မီးဘေးသင့်သွားတဲ့ မဟာဝေယန်ဘုံကျော် မိုးကောင်းတိုက် ကျောင်းတော်ကြီးနေရာက မိဖုရားကောင်းမှု ရွှေကျောင်းတော်ကြီး နေရာမှာ နောက်ထပ်ကျောင်းတော်ကြီးတစ်ဆောင် အသစ်ထပ်မံ ပေါ်ပေါက်လာဖို့ မိုးကောင်းတိုက် ဆရာတော်များနှင့် ဒကာဒကာမများ အားလုံး၏ ဆန္ဒဖြစ်ပါတယ်။ ဒါပေမယ့် မူလကျောင်းတော်ကြီးပုံစံ ပြန်လည် တည်ဆောက်နိုင်ဖို့က မလွယ်ကူတော့ပေမယ့် မီးလောင်သွားတဲ့ မူလကျောင်းဆောင်ကြီးနေရာမှာ အစားထိုး အသစ်ပြန်လည် တည်ဆောက်မယ့် ကျောင်းအလှူရှင် ပေါ်ပေါက်ပါတယ်။
တကယ်တော့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းအများစုကို မြန်မာ့ ဗိသုကာဟန် စစ်စစ်ဖြင့်သာ တည်ဆောက် ခဲ့ကြပေမယ့် အနောက်တိုင်းဟန် ရောနှော တည်ဆောက်ထားတဲ့ ကျောင်း များလည်း ရှိခဲ့ပါတယ်။ ဥပမာ – သာကဝန်ကျောင်း၊ ယောမင်းကြီးအုတ်ကျောင်း၊ အက္ကပတ်မြင်းဝန်ကျောင်း၊ ရွှေရေးဆောင်ကျောင်း စသည်တို့ဖြစ်ပါတယ်။ ပါတော်မူပြီးနောက် လှူဒါန်း တည်ဆောက်ကြတဲ့ ဘုန်းကြီးကျောင်းများကလည်း အုတ်ထည်က အမာခံ အသုံးပြုပြီး အနောက်တိုင်းဗိသုကာဟန်နှင့် တည်ဆောက်ကြပါတယ်။ မြန်မာဗိသုကာဟန် အနေနှင့် သရက်ကင်းလှေကား၊ ဘုရားခန်း မြန်မာမှုအမွမ်းပန်း၊ မျက်နှာကျက်ရွှေစာရေး၊ မာရဘင် ပန်းကွက်၊ ဟင်္သပဒါးခံ ရွှေပိန်းချတိုင် နှင့် မှန်စီရွှေချ အပြင်အဆင်တွေကလည်း ခမ်းနားစွာ ထည့်သွင်း တည်ဆောက် ကြပါတယ်။ ဒါ့ကြောင့် မီးလောင်ဆုံးရှုံးသွားတဲ့ အမရပူရခေတ်လက်ရာ မြန်မာဗိသုကာဟန် မဟာဝေယန်ဘုံကျော် မိုကောင်းနေရာမှာ ကျောင်းတော်ကြီး ပြန်လည် တည်ဆောက်တဲ့အခါ ထုထည်ကောင်းတဲ့ အုတ်ကျောင်းတော်ကြီး ဗိသုကာဟန်ကို ရွေးချယ်ခဲ့ကြပါတယ်။
မီးလောင်သွားတဲ့ မူလကျောင်းဆောင်ကြီးနေရာမှာ အစားထိုး အသစ်ပြန်လည် တည်ဆောက်မယ့် အလှူရှင် က ကျောင်းဒါယကာ ဦးယွန်း+ကျောင်းဒါယိကာမ ဒေါ်မိန်းကလေးတဲ့။ သူတို့ ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းတော်ကြီး၏ အရှေ့ အနောက် အလျားပေမှာ ၁၁၄-ပေ၊ တောင် မြောက် အနံပေမှာ လှေကား လေးစင်းအပါအ၀င် ၁၆၇-ပေ၊ စတုရန်း ပေပေါင်းမှာ ၁၉၀၃၈-ပေရှိပြီး အတွင်းတွင် မျက်နှာကျက်နှင့်တိုင်အားလုံး ရွှေပိန်း ချထားတော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အထက်ထပ်ကို တက်ဖို့ မြန်မာမှု သရက်ကင်း အုတ်လှေကားကြီး လေးစင်းကို တောင်ဘက်နှစ်စင်း မြောက်ဘက်နှစ်စင်း ပါဝင် တည်ဆောက်ထားတယ်။ ကျောင်းတော်ကြီးကို ၁၂၇၃ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၁၂၇၅ခုနှစ်မှာ ဆောက်လုပ်ပြီးစီး ရေစက်ချလှူဒါန်းခဲ့ပါတယ်။ အဲ့ဒီခေတ် ကာလ တန်ဘိုးငွေ တစ်သိန်းကျပ် အကုန်ကျခံ၍ ဆောက်လုပ် လှူဒါန်းခဲ့သတဲ့။ ကျောင်းတော်ကြီး ဆောက်လုပ်ပြီးနောက် ယခင် “မိုးကောင်း မဟာဝေယန်ဘုံကျော်ကျောင်း”အမည်အစား “မိုးကောင်း အလယ် ရွှေကျောင်းကြီး”လို့ အမည် တွင်လာပါတယ်။ ဒီကျောင်းတော်ကြီးကို ကျောင်းထိုင်ဆရာတော် အဆက်ဆက် ပြုပြင်မွမ်းမံ ထိန်းသိမ်းခဲ့ကြတာ လက်ရှိဆရာတော် သာသနဓဇဓမ္မာစရိယ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော် ဆရာတော်အရှင်ဓမ္မာဓိပတျာလင်္ကာရ ဆရာတော်လက်ထက်မှာ ရှေးမူမပျက် အကြီးစား ပြင်ဆင်တော်မူတာကြောင့် ကျောင်းတော်ကြီးမှာ ရွှေရောင်ဖိတ်လက် ခမ်းနား တင့်တယ်လိုက်ပါဘိလို့ အံ့သြကြည်ညိုဖွယ် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် မိုးကောင်း အလယ်တိုက် ရွှေကျောင်းတော်ကြီး သက်တမ်း ၁၁၁နှစ်အကြာ ၁၃၈၆ခုနှစ် တပေါင်းလကွယ်နေ့ (၂၀၂၅ခုနှစ် မတ်လ ၂၈ရက်) မှာ ကြီးစွာသော ငလျင်ဒါဏ်ကြောင့် ပြိုကျ ပျက်စီး ဆုံးရှုံးခဲ့ရပါပြီ။ အလားတူပါပဲ မန္တလေးရဲ့ အထင်ကရ ကျောင်းတိုက်ကြီးများလည်းဖြစ်၊ မြန်မာ့ဗိသုကာ မြန်မာမှု အနုပညာရဲ့ ပြယုဂ်များဖြစ်တဲ့ ဘုရားကြီးတိုက်၊ အာသောကရာမတိုက်၊ ရွှေရေးဆောင်တိုက်၊ မြင်းဝန်တိုက်၊ မစိုးရိမ်တိုက်ဟောင်းတိုက်သစ်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ ခေမာသီဝံတိုက်၊ ခင်မကန်တိုက်၊ စကုတိုက်၊ တောင်ထီးလင်း မြောက်ထီးလင်း အပါအဝင် ကျောင်းတိုက်ကြီးများ (ဒုတိယကမ္ဘာစစ်ဘေးထက် ပိုမိုဆိုးရွားစွာ) ထိခိုက် ပျက်စီး ဆုံးရှုံးခဲ့ကြရပါပြီ။ သည်တခါဖြင့် ဆရာ ဒကာ ၂ဘက်စလုံး ထိခိုက် ဆုံးရှုံးကြရလေတော့ လောကဓံရဲ့ ရိုက်ခတ်ပုံက ကြမ်းလှချည့်လို့ မချိတင်ကဲ အပြစ်ဆို ငြီးတွားရတော့မှာပဲလေ။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW