မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို တိုးမြှင့်ချေးပေးဖို့လိုသလို လယ်ဧကရှိသလောက်အထိ ချေးပေးဖို့ တောင်သူတွေတောင်းဆို

မေ – ၂၇ ၊ ၂၀၂၅
GG (VOM)
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ နှစ်စဥ်တောင်သူတွေကို ထုတ်ချေးပေးနေတဲ့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ပမာဏတိုးမြှင့်ပြီးချေးပေးဖို့နဲ့ လယ်ဧကရှိသလောက် ချေးငွေထုတ်ချေးပေးစေလိုကြောင်း တောင်သူတွေက ပြောဆိုလိုက်ပါတယ်။
မိုးစပါးစိုက်ပျိုးမှုကုန်ကျစရိတ်မှာ တနှစ်ထက်တနှစ် ပိုပြီးမြင့်တက်လာတာကြောင့် စိုက်ပျိုးစရိတ်ချေးငွေကို နူန်းထားတိုးမြှင့်ပြီး ချေးပေးဖို့လိုအပ်လာသလို လယ်ဧက ၁၀ ဧကအထက်ပိုင်သူတွေကိုလည်း လယ်ဧကရှိသလောက် ချေးငွေထုတ်ချေးပေးဖို့လိုအပ်လာတာဖြစ်တယ်လို့သိရပါတယ်။
” အခုက ထုတ်ချေးပေးတဲ့ တဧက ချေးငွေက မြေဩဇာတအိတ်ဖိုးပဲရှိတယ်။ ဘာမှလုပ်လို့မရဘူး။စိုက်ပျိုးစရိတ်မရှိလို့ အတိုးကြီးကြီးနဲ့ယူလုပ်ရတော့ဘာမှမကျန်ဘူး။ဒီကြားထဲခုနှစ်လိုစပါးစျေးထိုးကျတော့ အကုန်ဒုက္ခရောက်ကုန်ရောပေါ့။ချေးတော့လည်းသူတို့က ၁၀ ဧကအထိပဲချေးတာဆိုတော့ခက်တယ်။ဧက ၂၀ရှိရင်ရှိသလောက်အကုန်ချေးပေးဖို့လိုအပ်တယ်။လယ်သမားတွေကဧက ရှိသမျှအကုန်လုပ်ရတာလေ။၁၀ ဧပဲချေးပေးလို့ အဲဒါလေးပဲ လုပ်တာမှမဟုတ်တာ။ ” လို့ ပဲခူးတိုင်းမှ တောင်သူကပြောပါတယ်။
လက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးနေတဲ့နူန်းထားက လယ်တဧကကို ၁၅၀၀၀၀ ကျပ်နူန်းထုတ်ချေးနေတာဖြစ်ပြီး ၊ လယ်သမားတယောက်ကို အများဆုံးလယ်ဧက ၁၀ ဧကအထိသာထုတ်ချေးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
တောင်သူတွေကတော့ မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် တဧကို ၃သိန်းမှ ၅ သိန်းကျပ်လောက်အထိ ထုတ်ချေးပေးစေလိုကြောင်း ၊ ဒါမှသာ တောင်သူတွေဘဝ အဆင်ပြေလာနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
” အခုတဧက စိုက်ပျိုးကုန်ကျစရိတ်က အလုပ်သမားခမပါကို ၅ သိန်းလောက်အောက်ထစ် ရှိတယ်။အဲဒါအချိန်တန် ရိတ်ခြွေခမပါသေးဘူး။ဒါကြောင့် တဧကကို ၃ သိန်းချေးပေးမယ်ဆိုရင် တောင်သူက ၂ သိန်းလောက်ပဲစိုက်ရမယ်။၅သိန်းချေးပေးရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ဒါဆိုရင် မပြည့်စုံတဲ့လယ်သမားတွေလည်း ဘဝတွေအဆင်ပြေလာနိုင်တာပေါ့။အခုတော့ စပါးစျေးကမကောင်း ၊စိုက်စရိတ်က အတိုးကြီးပေးရင်းရဆိုတော့ အရှုံးပေါ်အရှုံးဆင့်နေရတာ။” လို့ ဧရာဝတီတိုင်းမှ တောင်သူကပြောပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ လက်ရှိ ၂၀၂၅ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအတွက်ကို ကျပ် ၅၃၈ ဒသမ ၂၁ ဘီလီယံကျော်ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးရာမှာတောင်သူလယ်သမားတွေအနေနဲ့ အရင်ချေးငွေကို အတိုးရော အရင်းပါ အကျေပြန်ဆပ်ပြီးမှသာ ချေးငွေအသစ် ထုတ်ချေးမှာဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားပါတယ်။
” အရင်ချေးငွေမဆပ်ဘဲ နောက်ငွေထပ်မချေးပေးတာ သိပါတယ်။ကျွန်တော်တို့ဘက်ကတော့ အကုန်ဆပ်ကြပါတယ်။လယ်သမားတော်တော်များများ အဲဒီချေးငွေနဲ့မလောက်ကြပါဘူး။လယ်သမားတွေမှာဘဏ်ကို ပြန်ဆပ်ဖို့ အပြင်ကနေအတိုးနဲ့ယူပြီး ဆပ်ရတယ်။ဘဏ်ကပြန်ထုတ်ပေးတော့မှာ အတိုးသမားကို ပြန်ဆပ်နဲ့ လုံးချာလည်လိုက်နေတာ။ငွေပမာဏသာ တိုးချေးပေးရင် တောင်သူတွေစိုက်ပျိုးစရိတ်အတွက်တော်တော်ကိုအဆင်ပြေသွားမှာ။” လို့ ပဲခူးအနောက်ခြမ်း၊ ပြည်မြို့မှ တောင်သူကပြောပါတယ်။
မြေပြင်အခြေအနေမှာတော့ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ဧကတွေ အရင်နှစ်ကထက် ပိုပြီးလျော့ကျနိုင်ကြောင်း တောင်သူတွေနဲ့ ဆန်စပါးကုန်သည်တွေက ကသုံးသပ်နေကြပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် စပါးစိုက်ပျိုးတဲ့ ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊မကွေးတိုင်း ၊ ပဲခူးတိုင်း အပါအဝင် ဒေသအချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လယ်ယာစိုက်ပျိုးမှု လျော့ကျနိုင်တာဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW