ဇူလိုင် ၁၀-၂၀၂၅
နွယ်နီ(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ ဒေသခံတွေကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ကိုးကန့်ဒေသအတွင်း နေထိုင်ခွင့်နဲ့ မှတ်ပုံတင်တွေ ပြုလုပ်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့မှာ နေထိုင်သူအားလုံး ကိုးကန့်ဒေသ မှတ်ပုံတင် ပြုလုပ်ရမယ်လို့ ဇူလိုင် ၈ ရက်နေ့မှာ အသိပေးလာတာလို့ သိန္နီမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
“မနေ့က လပြည့်နေ့ကြီးကို မလာမနေရ အစည်းဝေးခေါ်ပြီး ပြောတာပဲ။ မြို့ခံတွေက မှတ်ပုံတင် လုပ်ရမယ်။ အပြင်ကလာနေသူတွေက နေထိုင်ခွင့်တွေ လုပ်ရမယ်တဲ့”
ကိုးကန့်တပ်ဘက်က တအိမ်တယောက် စစ်သားတောင်းတာတွေလည်း ရှိနေတယ် ဆိုတော့ ဒေသခံတွေက မှတ်ပုံတင် သွားလုပ်ဖို့ စိုးရိမ်နေကြတယ်လို့ သိန္နီမြို့ခံတဦးက ပြောပါတယ်။
“အခုက သူတို့ လူသစ်တွေ တောင်းနေတာဆိုတော့ မှတ်ပုံတင် သွားလုပ်ရင် အိမ်ထောင် စုစာရင်းမှာ ပါတဲ့သူတွေအကုန်လုံး သူတို့သိပြီ ဆိုတော့ ကလေးတွေအတွက် စိုးရိမ်နေ ကြတာ”
နစကဘက်ကလည်း နိုင်ငံသား စီစစ်ရေးကဒ် မရှိသူတွေကို လားရှိုးမြို့မှာ ရုံးခန်းဖွင့်ပြီး လုပ်ဆောင်ပေးနေပါတယ်။
“သိန္နီ၊ ကွမ်လုံ မြို့တွေက နိုင်ငံသား စီစစ်ရေးကဒ် မရှိသူတွေကို လားရှိုးမှာ လုပ်ပေး နေတယ်။ အခုက ကိုးကန့်ကလည်း သူ့နယ်မှာ နေထိုင်မယ်ဆို သူတို့ မှတ်ပုံတင် လုပ်ခိုင်း တယ်။ နီးရာဓား ကြောက်ရတော့ ခိုင်းတဲ့အတိုင်း လုပ်နေရတယ်” လို့ သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ “၁၀၂၇ စစ်ဆင်ရေး” မှာ သိန္နီမြို့ကို MNDAA (ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့) က သိမ်းပိုက်ထားပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် လားရှိုးမြို့ကို နစကတပ်ဖွဲ့က ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး သိန္နီမြို့ ပြန်ရရေးအတွက် ကိုးကန့်တပ်ဖွဲ့နဲ့ နစကတို့အကြား ဆွေးနွေးမှုတွေ ရှိနေချိန်မှာ MNDAA တပ်ဖွဲ့က သိန္နီမြို့ခံတွေကို ကိုးကန့်ဒေသ မှတ်ပုံတင်တွေ ပြုလုပ် ခိုင်းနေတာ ဖြစ်ပါတယ်။
သိန္နီမြို့ကို ဖြတ်သန်းမယ့် ယာဉ်မောင်းတွေကိုလည်း MNDAA က ဖြတ်သန်းခွင့် လက်မှတ်တွေ ပြုလုပ်ခိုင်းနေပြီး လက်မှတ်ပါမှသာ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့ တွေကို သွားလာခွင့် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၁၀၂၇ တိုက်ပွဲ” အတွင်း သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့ ကိုးကန့်ဒေသနဲ့ ဆက်စပ်တဲ့ မြို့တွေကို MNDAA ကိုးကန့်တပ်ဖွဲ့က တိုက်ခိုက် ထိန်းချုပ်ထားပါတယ်။
နစကဘက်ကတော့ တိုက်ပွဲကာလအတွင်း လက်လွတ်ခဲ့တဲ့ မြို့တွေကို ပြန်ရဖို့ ကြိုးစားသွားမယ်လို့ မကြာခဏ ထုတ်ဖော်ပြောကြားထားပါတယ်။
ပုံ The Kokang
ဓါတ်ပုံအညွန်း ။ ကိုးကန့်ဒေသ အတွင်း ယာဉ်စစ်ဆေးမှု ပြုလုပ်နေသည့် MNDAA တပ်ဖွဲ့များအားတွေ့ရစဉ််