ဆူးငှက်
““နန်းဘုံသီဟာဆွေ . . .သဉ္ဇာညောင်ရွှေ၊ ရွှန်းဝေထိန်ပြောင်၊ ညီတောင်ဆက်ကာ ပိုင်စိုးစံတော့သာ၊ အို . . . ဆင်ဖြူဆဒ္ဒန် ဆက်ပြန် လို့ငြား မရှားလိုရာ၊ ဘုန်းတေဇာ. . . ””
ဤသို့ဖြင့် တစ်ပုဒ်လုံး ပီပီပြင်ပြင် ချောချောမွေ့မွေ့။
ဤသို့ဖြင့် တရုတ်တန်းလမ်းမကြီးပေါ်ရှိ လမ်းမီးရောင်မှိန်ပျပျအောက်မှာ တီးဝိုင်းလေးတစ်ဝိုင်း၏ မယ်ဒလင်၊ တယော၊ ဘင်ဂျိုတူရိယာများ တီးခတ်သံတွင် မောင်ကျော်ညိန်း၏ ““နန်းဘုံသီဟာတွေ””ဘင်ဂျိုလက်သံက ကာလသားများ၏ ညစဉ်ပွဲတောင်းခံရသော ဘင်ဂျိုလက်သံ ဖြစ်လာလေတော့ ၏။
ထိုစဉ်က ဤကဲ့သို့သော လမ်းဘေးအပျော်တမ်းတီးဝိုင်းလေးများမှာ မန္တလေးမြို့၏ ပြတိုက်မှာ အနှံ့အပြား ရှိခဲ့သည်။ တရုတ်တန်းမှာ ပဲပုပ်တန်း မှာ၊ သင်္ကန်းတန်းမှာ၊ ဆိုင်တန်းများ။ ထို့နောက် ထိုတီးဝိုင်းလေးတွေ အပြန်အလှန်လည်ပတ် ပေါင်းစုတီးမှုတ်ကြရင်း မန္တလေးစျေးချို၊ အနောက်ဘက် ဆိုင်တန်းရပ်ရှိ ဧရာ၀တီစာရေးကြီး ကိုမြသိန်းနေအိမ်၌ အပျော်တမ်းတီးဝိုင်းလေးတစ်ဝိုင်း စုစုစည်းစည်းတည်ထောင်လိုက်ကြတော့၏။ ကိုဘသက်၊ ကိုဘအုန်း၊ ကိုဘငွေ၊ ကိုသန့်၊ ကိုလှဒင်၊ ကိုမြသိန်း၊ ကိုဘငြိမ်းစသူတို့ စတင်တည်ခဲ့ကြသည့် တီးဝိုင်းလေးကို မောင်ကျော်ညိန်း (ဝါ)ကိုဘငြိမ်းက “ဗုဒ္ဓဝေယျာ၀စ္စ မြို့မအပျော်တမ်း တူရိယာအသင်း”ဟု စတင်အမည်ပေးခဲ့သည်။
၁၉၂၅ခုနှစ်
စျေးချိုနာရီစင် ပြာသာဒ်ပေါ်မှ ချိုးတစ်အုပ်လန့်ပျံကြသည်။ ဒစ်ကားကုမ္ပဏီဓာတ်ရထားတစ်စီးက ခေါင်းလောင်းသံ ဆူဆူညံညံအသံပေးရင်း ဘီလမ်းမှဆင်းကာ နာရီစင်အရောက် တောင်ဘက်သို့ချိုးသွား၏။ စျေးချိုအနောက်ဘက် “ဆိုင်ဒူးခန်း”လက်ဖက်ရည်ဆိုင်လေးမှာ မြို့မတူရိယာအသင်းသား တွေ ချိန်းချက်စုဝေးကြသည်။ အသင်းတည်ရာကို မြသိန်းအိမ်နီချင်းမှ အပေါင်ဆိုင်ပိုင်ရှင် ဦးတော်လုံက အပေါင်ဆုံးအနောက်တိုင်းလေမှုတ် တူရိယာ ပစ္စည်းများနှင့်အတူ အခြားလေမှုတ် ခေတ်ပေါ်တူရိယာပစ္စည်းများ ၀ယ်ယူရန် ငွေကြေးများလည်း လှူဒါန်းသည်။ ဤသို့ဖြင့် စည်းမျဉ်းစည်းကမ်းများ စနစ်တကျရေးဆွဲကာ “မြို့မတူရိယာအသင်း”အဖြစ် စနစ်တကျ ဖွဲ့စည်းလိုက်တော့သည်။
၁၉၂၈ခုနှစ်
ထိုအချိန်မှစ၍ အနောက်တိုင်းတူရိယာပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးမှုတ်နိုင်ရန်အတွက် အနောက်တိုင်း တူရိယာများနှင့် ကမ္ဘာ့ဂီတ သင်္ကေတနည်းပညာများကို ကျွမ်းကျင်တတ်မြောက်ခဲ့သော ကိုဘငြိမ်းသည် ဓားတန်းရပ်မှ ကိုသန့်နှင့်အတူ ပူးပေါင်းဦးဆောင်ကာ အသင်းသားများအား အနောက်တိုင်းဂီတပညာများ လေ့ကျင့်သင်ကြားပေးခဲ့သည်။
အညိုရောင် သပြေညွန့်ကလေးတွေချည်း စုစည်း ထိုးထားသော ကြွေပန်းအိုးဖြူ၌ ဥရောပ ဂန္ထ၀င်ဟန်ကဲသည့် ကြက်သွေးရင့်ရောင် နှင်းဆီတစ်ပွင့် လည်း အစွမ်းကုန်ပွင့်နေသည်။ သပြေညို၊ နှင်းဆီနီနှင့် ကြွေပန်းအိုးဖြူအရိပ်က စန္ဒရားခုံ၏ မဟော်ဂနီရောင်ကြေးမုံပြင်ကို ကက်တင်းဇာဆင်စွယ်နုလေးဖြတ် ပြီးမှ မရဲတရဲမှန်ကြည့်ရရှာ၏။ စန္ဒရားခုံဘေးမှာ ခေတ်မီအော်ဒီယိုဂရမ်ကြီးရှိသည်။ အော်ဒီယိုဂရမ်ရှိ ဓာတ်စက်၌ ဓာတ်ပြားတစ်ချပ်လည်နေသည်။ ဥရောပ ဂန္ထ၀င်တေးကြီး ဘွဲ့ကြီးတစ်ပုဒ်က ဓာတ်ပြားမှတစ်ဆင့် အော်ဒီယိုဂရမ်မှ အသံထွက်နေ၏။ ခပ်လှမ်းလှမ်းအခန်းထောင့်တွင် မှန်စီရွှေချ ဆိုင်းဝိုင်းကြီးမှ ရွှေရိပ်မှန်ရိပ်များက အလင်းသီးမှိန်မှိန် အကင်းလေးတွေကို လှုပ်ပြနေသည်။
ဥရောပတေးကြီးဘွဲ့ကြီး ဓာတ်ပြားကို နားထောင်ရင်း ဓာတ်ပြားအယ်လဘမ်အဖုံး၌ ရိုက်နှိပ်ထားသော ရှင်းလင်း ဖွင့်ဆိုချက်များကို ဖတ်သူဖတ်၊ ရှင်းပြသူရှင်းပြ၊ တေးသွားအားပြန်လည်ဖွင့်ရင်း နားစိုက်မှတ်သားသူက မှတ်သားကြ၏။ ဤသို့ဖြင့် ကိုဘငြိမ်းတို့သည် ဓားတန်းကိုသန့်တိုက်တွင် စုကာ အနောက်တိုင်းဂီတအား လေ့လာကြ၏။ ခံစားကြ၏။ ရယူကြ၏။ ဗီသိုဘင်၏ ဆင်ဖိုနီဓာတ်ပြားများက ကိုဘငြိမ်း(ဝါ) ကိုငြိမ်း၏ နှလုံးသားထဲ၌ ပူး၀င်သွား ခဲ့ပြီ။ သည် ကတည်းက-
““ . . . ရွာအုံစေ၊ တိမ်မြေမြနယ်ဆိုင်းလို့လေ . . .အို ရှုတိုင်း ထွေလှတယ်၊ ရွှေသည်းဆွတ်လွတ်ဖွယ်” ဟူသော “ဘုံပျံနေနန်း”အစချီ ရာသီဘွဲ့သီချင်းခံကြီးကို ဆင်ဖိုနီသြဂတ်စတြာပုံစံဖြင့် တင်ပြချင်သည့် အာသီသလည်း ကိုငြိမ်း၏ ရင်၌ စတင်အမြုတေစုခဲ့သည်။
ထိုသို့ စားဂီတ၊ သွားဂီတ၊ အိပ်ဂီတ၊ ထိုင်ဂီတနှင့် ဂီတနှင့်သာ မိန်းမူးနေပြီး ပတ်၀န်းကျင်ကိုပင် မေ့လျော့နေသော အချိန်၌ အဘိုးနှင့် အဘွား က ကိုငြိမ်းအား အိမ်နီးချင်းမှ မိတ္ထီလာမြို့သူ မန္တလေးနော်မန်ကျောင်းဆရာမလေး “မသန်းမေ”နှင့် အိမ်ထောင်ချထားပေးခဲ့သည်။ ထိုစဉ်က ကိုငြိမ်း အသက် ၂၀မပြည့်သေး။
တကယ်တော့ ကိုငြိမ်း (၁၅)နှစ်သားအရွယ်ကပင် မိခင်ကွယ်လွန်သွားခဲ့၏။ ဖခင်က နောက်အိမ်ထောင် ပြုသောအခါ မိခင်၏မိဘနှစ်ပါးဖြစ်သော အဘိုးဦးရိပ်၊ အဘွားဒေါ်မမလေးကပင် ကိုငြိမ်းကိုခေါ်ယူ ပြုစု စောင့်ရှောက်ခဲ့ကြသည်။ ကိုငြိမ်းမှာ မွေးချင်းဟူ၍ညီမောင်ကျော်သိန်းသာ ရှိသော်လည်း ညီဖြစ်သူ ၁၀နှစ်သား အရွယ်ကပင် ကွယ်လွန်ခဲ့သဖြင့် တစ်ဦးတည်းမြေးကလေး ကိုငြိမ်းကိုကပင် အဘိုးအဘွားက အူလှိုက်သည်းလှိုက် အချစ်ပိုခဲ့လေသည်။
အချစ်ဆုံးမြေးကလေး အိမ်မှာကပ်စေလို၍ အိမ်ရာထူထောင်ပေးခဲ့သော်လည်း ကိုငြိမ်းမှာ ဇနီးသည်စျေးပို့ဆိုင်ဖွင့် ပေးပြီးကတည်းက ဂီတအပေါင်း အသင်းများနှင့်ပဲ တစ်နေကုန်တော့၏။ “မြို့မ”နှင့်အတူ မြန်မာ့ဂီတ နိုင်ငံတကာ စံမီ တင်ပြနိုင်ရေးဟူသော ရည်ရွယ်ချက်ကိုသာ တစ်ဆင့်ပြီးတစ်ဆင့်လှမ်း၏။ ဤသို့လျှောက်လှမ်းရင်း တစ်ဘက်က သီချင်းလေးတွေရေးစပ်ဖြစ်သည်။
မြို့မ၏ပင်တိုင်တေးရေးဆရာ နန်းတော်ရှေ့ဆရာတင်ထံမှ သီချင်းများ အချိန်မီ မရသည့် အခါအသင်းအတွက် သီချင်းလေးတွေ မဖြစ်မနေ ရေးစပ်ပေးခဲ့ရသည်။ ထို့ကြောင့်မြို့မတူရိယာအသင်း စတင်၍စနစ်တကျဖွဲ့စည်းသည့် ၁၉၂၈ ခုနှစ်မှာပင် ကဆုန်ညောင်ရေနှင့် တစ်ဝါတွင်းဟူသော သီချင်းနှစ်ပုဒ်ကို အသင်းအတွက် ရေးစပ်ပေးခဲ့ပါသည်။
၁၉၂၉ခုနှစ်တွင် မြို့မဝါဆို သီချင်းကို အသင်း၏ ပထမဆုံးဝါဆိုပန်းကပ်ပွဲအတွက် ရေးစပ်ပေးခဲ့ပါ၏။
ကိုငြိမ်း အိမ်ထောင်သက် (၂)နှစ်အရတွင် သားယောက်ျားလေး တစ်ယောက်ထွန်းကားခဲ့သည်။ အိမ်ထောင်မှု တာ၀န်အား အဘိုးအဘွားနှင့် ဇနီးကသာ အလုံးစုံတာ၀န်ယူခဲ့သောကြောင့် ကိုငြိမ်းမှာ ဂီတအလုပ်ကိုသာ နောက်ဆံမတင်းတမ်း အားသွန်နိုင်လေ၏။
ထိုအချိန်ထိုကာလ ၁၉၃၀-၁၉၃၁ခုနှစ်များက မန္တလေးမှာ ရွှေနန်းသုံးမဟာဂီတကို ပြန်လည်အမွှမ်းတင် ဖော်ထုတ်ခြင်းနှင့် နန်းတွင်းမူမြန်မာ သီချင်းကြီး သီချင်းခံများ လေ့လာလိုက်စားမှုအားကောင်းနေသော ကာလဟု ဆိုရပေမည်။ မန္တလေး၌ မဟာဂီတတက္ကသိုလ်အဖွဲ့ကြီးပေါ်ပေါက်လာ၏။ ဘီလစ်ကြီး ဦးထင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဦးမောင်မောင်လတ်၊ စိန်ဗေဒါ၊ ဒေါ်စောမြအေးကြည်၊ လှကလေးစိန်၊ ဦးခင်မောင်ဒွေး၊ ဒေါ်ခင်မေ၊ ဆရာ ထာ၊ ဆရာဘကြီး၊ ဦးဘသင်၊ ဦးစံ၀င်း၊ နန်းတော်ရှေ့ဆရာတင်၊ ဦးထွန်းအိုင်၊ ဦးတုတ်၊ ဆရာနွဲ့၊ ဆရာဘကလေးအစရှိသော မဟာဂီတ အစုအဝေးကြီး ကလည်း အားကောင်းခိုင်မြဲနေသည်။
ထိုအချိန်တွင် ကိုငြိမ်းပါ၀င်စုစည်းခဲ့ကြသည့် မြို့မတူရိယာအသင်းကလည်း…
(က) မြန်မာသီချင်းကြီးများ ဆည်းပူးပျံ့ပွားရေး
(ခ) ကမ္ဘာသုံးတူရိယာများ လေ့လာသင်ကြားတတ်မြောက်ရေး
(ဂ) Music Note အမှတ်အသားပညာဖြင့် ရေးသားထားသော တူရိယာပညာကို ဆည်းပူးလေ့လာရန်
(ဃ) ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး
(င) ရှေးမြန်မာ သီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော Music Note ပညာဖြင့် ကူးပြောင်း လေ့လာရန်
(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာအသင်းများက ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေး ကူညီရန်
ဟူသော ရည်ရွယ်ချက်များ ချမှတ်ခဲ့သည့်အတွက် မြန်မာသီချင်းကြီးများအား ခေတ်မီအနောက်တိုင်း တူရိယာပစ္စည်းများဖြင့် ဂီတသင်္ကေတပညာ အသုံးပြုကာ တီးမှုတ်ရေးမှာ ဧရာမ ကနဦး စွန့်စားမှုကြီးတစ်ခု ဖြစ်ခဲ့ပါသည်။
ဤထိုးဖောက်စွန့်စားမှုကြီးအား ကနဦးစပ်းသပ်မှုအဖြစ် ၁၉၃၀ ခုနှစ်တွင် အနောင်တောင်ကျုံးထောင့်အနီး သီပေါရုပ်ရှင်ရုံ (ယခုမစိုးရိမ်အဆင့်မြင့် ရုပ်ရှင်ရုံ)တွင် ကျင်းပသော အမျိုးသမီးသားဖွားမှု ရန်ပုံငွေအလှူပွဲ၌ “တောမြိုင်ခြေလမ်း” ယိုးဒယားသီချင်းကြီးကို ဆိုက်ဆိုဖုန်း၊ ကလယ်ရီနက်၊ ထရမ်းပက်၊ ထရန်ဘုန်းစသော အနောက်တိုင်း တူရိယာပစ္စည်းများဖြင့် ကမ္ဘာ့ဂီတသင်္ကေတ အသုံးပြုကာ တီးမှုတ်ပြသခဲ့သည်။
(ဆက်ရန်)
