အမြန်လမ်း ၃၁၈ မိုင်မှာ တိုက်ပွဲသံကြားလို့ အမြန်လမ်း အသွားအလာ ယာယီရပ်တန့်ခဲ့ရ

ဇူလိုင် ၂၀၊၂၀၂၅
GG (VOM)
ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပြင်စည်ရဲစခန်းအပိုင် မိုင်တိုင် ၃၁၈ အနီးမှာ ဒီနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီကျော်လောက်က နစကလုံခြုံရေးတပ်ဖွဲ့ နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တို့ မြေပြင်ပစ်ခတ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ခရီးသွားပြည်သူတ​ယောက်က ” တိုက်ပွဲဖြစ်တဲ့ ပစ်ခတ်သံတွေကြား ကားတွေလည်းအကုန် ရပ်ထားပြီ ရှေ့ဆက်မသွားရဲတော့ဘူး ။ ခုတော့ငြိမ်သွားပါပြီ အေးဆေးဖြစ်သွားပြီ။” လို့ သူရဲ့လူမှုကွန်ယက်ကနေ အသိပေးပြော ဆိုပါတယ်။
တိုက်ပွဲပစ်ခတ်မှုဖြစ်ပွားမှုက တနာရီလောက်ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားချိန်မှာ အမြန်လမ်းပေါ်သွားလာမှုရပ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
အဆိုပါအမြန်လမ်း ၃၁၈ မိုင်က နွားထိုးကြီး မြို့နယ် ၊ ပြင်စည်ရဲစခန်းအပိုင်ဖြစ်တာကြောင့် ဒီနေ့မနက်ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအခြေ အနေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့အတွက် ပြင်စည်အမြန်လမ်းရဲကင်းကို VOM မှဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့ကို ထပ်မံဆက်သွယ်ခဲ့ရာမှာတော့ ၃၁၈ မိုင်မှာ ပစ်ခတ်မှုမရှိခဲ့ကြောင်း ငြင်းဆိုပါတယ်။
” ပစ်ခတ်မှုမရှိပါဘူး။အမြန်လမ်းကပုံမှန်အတိုင်းပါပဲ။ သွားလာနေတယ်။ ” လို့ VOM ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
မတ်လ ၁၉ ရက်နေ့ကလည်း ပြင်စည်ရဲစခန်းအနီး မိုင်တိုင် ၃၁၉ မှာ နွားထိုးကြီး PDF နဲ့ နစကလုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အမြန်လမ်းပေါ်သွားလာမှု ယာယီရပ်တန့်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၉ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့သလို အမြန်လမ်းသွားလာနေတဲ့ ကားတွေကို မိုင်တိုင် ၃၁၈ မှာတားပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တာအထိရှိခဲ့တယ်လို့သိရပါတယ်။
ဒီ​နေရာဝန်းကျင်ဟာ မကြာခဏဆိုသလို စစ်ကား​တွေကို လျှပ်တပြက်တိုက်ခိုက်တာ ဗုံး​​ဖောက်ခွဲတာမျိုး မကြာခဏဖြစ်တဲ့အတွက် ခရီးသွား​တွေဟာ သတိထားသွားလာကြတဲ့ ​နေရာတခု ဖြစ်လာ​နေပါတယ်။
ဓာတ်ပုံ – ခရီးသွားပြည်သူ

Related posts

Leave a Comment

VOM News

FREE
VIEW