ရေနီမြောင်း ဇာတိမြေ (၃)

ဆူးငှက်
အနှစ် ၂ဝ ကျော်လောက် ကွဲကွာသွားခဲ့ပြီးနောက်မှ ကျွန်တော်သည် ဇာတိချက်ကြွေ မွေးရပ်မြေသို့ ပြန်ခဲ့တုံသည်။ ဆောင်းဟေမန် ဆန်းခဲ့သည်မှာ အတော်ပင်ကြာပေပြီ။ ခရီးလမ်း၏အဆုံးသို့ နီးကပ်လာသောအခါ ကောင်းကင်သည် မှောင်၍ မှောင်၍ လာလေသည်။ ရေခဲပွင့်ဖြင့် ပြွမ်းသော လေသည် မြစ်၏တံခါးကို ရိုက်ဝှေ့ကာ တဝီဝီ လေချွန်နေ သည်။
သင်္ဘော၏ အပေါက်ငယ်မှနေ၍ ကြည့်လိုက်သောအခါ ဝါသောမိုးကောင်းကင်အောက်ရှိ ခိုက်ခိုက်တုန်နေသည့် လူသူကင်းမဲ့ရွာများ၏ အစအနကို မြင်ရသည်။ အောင့်၍ မရသော အဆွေးသည် ကျွန်တော့်အား ထိပါးနေသည်” တဲ့လေ..။
ဆရာဒဂုန်တာရာ၏ ဘာသာပြန် ကလောင်စွမ်းမှာပင် ကျွန်တော်သည် လူရွှန်း၏ “မွေးရပ်မြေ” ကို စွဲမက်သွားတော့၏။
စိမ်းလဲ့လှိုင်းထနေသော အောင်ပင်လယ် လယ်ကွင်းပြင်ကြီးကို ဖြတ်ကာ ရန်ကင်းတောင်ဆီ ငေးရီကြည့်ရင်း ဗေဒါပွင့်တွေ ခပ်စိပ်စိပ်ကြဲ ထားသည့် ချောင်းအား သစ်သားတံတားအိုကြီးပေါ် တဒုံးဒုံးဖြတ်ပြီး ဆန်စက်ဘွိုင်လာ၏ “ရှုတ်ရှူး၊ ရှုတ်ရှူး” အင်ဂျင်စက်သံဖြင့် ရွာလမ်း ကလေးအတိုင်း မြို့သာကုန်းသို့ ဝင်လိုက်၍ နွားချေးနံ့သင်းသင်း ရလိုက်လျှင်ပင် လူ့ရွှန်း၏ “ဇာတိမြေ”ကို ပြေး၍သတိရမိသည်။
“လယ်ကွင်းထဲက တဲကလေးမှာ မိသားစုလိုက် ပြောင်းရွှေ့နေပြီး ငါးပက်နေသော ကိုကောင်းကြွယ်ကို တွေ့ရ ဖန်များလာတော့လည်း ဇာတိမြေ”ထဲက လူရွှန်း၏ ငယ်သူငယ်ချင်း ဂျန်တူကို သတိရမိသည်။ မြို့သာကုန်းရွာကလေးထဲရောက်ပြီး ရွာလယ်က အိမ်လေးမှာ နားကြတော့ ဒေါ်သီမသည် ကျွန်တော့်သူငယ်ချင်းကို “မင်းရောက်တုန်း လယ်ကွင်းထဲ သွားလိုက်ဦး… တစ်ခေါက်ယူထားတဲ့ ကလေးအင်္ကျီဖိုးတွေ ပေးလိမ့်ဦးမယ်။ ကောင်းကြွယ်က မင်းလာရင် လွှတ်လိုက်ပါလို့ တဖွဖွ မှာနေတာ ကွဲ့” ဟု ပြောသောကြောင့် ဖြစ်ပါသည်။
ကြည့်ပါဦး… ။
လူရွှန်း၏ “ဇာတိမြေ” တွင် ရွာသို့ လူရွှန်းပြန်အရောက်တွင် အမေက
“ဂျန်တူကလေ မင်းကို မမေ့ရှာဘူးကွဲ့ ။ လာတိုင်း မင်းသတင်း မေးတယ်။ မင်းကို သိပ်တွေ့ချင်တယ်။ မင်းလာမယ့် ရက်ကိုလည်း အမေ ပြောလိုက်တယ်။ သူ မကြာခင် လာမှာပဲထင်တယ်” ဟူသော စကားလေး နှင့်လည်း ဆင်တူလှသည်။ လူရွှန်း၏ ဂျန်တူမှာ ငယ်စဉ် ၁၀ နှစ်သားက လူရွှန်းနှင့် လာနေသူဖြစ်၏။ လယ်သမားသား၊ ကျေးတောသား…။ လူရွှန်းနှင့် ရွယ်တူ..။
လူရွှန်းက စာတွေတတ်သည်။ ဂျန်တူက ငှက်ထောင်တတ်သည်။ ကနုကမာလေးတွေ ကောက်တတ်သည်။ ဖရဲခင်းစောင့် တတ်သည်။ ဖြူနှင့် ဖျံကောင်များ ဖမ်းတတ်သည်။ ဂျန်တူက ရာသီနှင့်လိုက်၍ ငှက်တွေထောင်၊ ကနုကမာတွေကောက်၊ ဖရဲခင်းစောင့်ရင်း ဖျံများ ဖရဲဝါးသံကြားလျှင် ခက်ရင်းနှင့်ထိုးကြောင်းတွေ ပြောပြတော့ ပညာတတ်လေး လူရွှန်းက တအံ့တသြ နားထောင်သတဲ့။
“…သည်ကတည်းက ကမ္ဘာမြေပြင်ဝယ် အံ့ဩစရာတွေ အများကြီးရှိသည်ဆိုတာကို ဘယ်တော့မှ သံသယ မဖြစ်တော့ပေ။ ပင်လယ်ကမ်းစပ်တွင်လည်း အရောင်အမျိုးမျိုး၊ အသွေး အမျိုးမျိုးနှင့် ကနုကမာပုလဲများ ရှိပေလိမ့်မည်။ ထိုနောက် တစ်ဖန် ဖရဲသီးများ၏ ဘေးအန္တရာယ်များလှသော ဇာတ် ကြောင်းကိုလည်း စဉ်းစားမိလာသည်။ သစ်သီးကုန်သည်များ၏ ခြင်းတောင်းထဲရှိတာထက် ကျော်လွန် ၍ ဖရဲသီးများ၏ ဇာစ်မြစ်အတ္ထုပ္ပတ္တိကိုကား မသိရှိခဲ့ပေ”ဟု လူရွှန်းက ဂျန်တူ၏ “ဘဝအသိ” များနှင့် ပတ်သက်ပြီး သုံးသပ် ပြခဲ့၏။
ကျွန်တော့်သူငယ်ချင်း၏မိတ်ဆွေ. ကိုကောင်းကြွယ်ကတော့ “ဂျန်တူ” လို သူ့ အတတ်ပညာတွေ ပြောမပြ။ သို့သော် လယ်ကွင်း ထဲက ကန်သင်းရိုးပေါ်က သူ့ယာယီတဲကလေးရောက်သွားတော့ ကျွန်တော်တို့အဖို့ မမြင်ဖူးသော အရာများကိုချည်း တရစပ် မြင်ရတော့သည်။ ငါးထောင် သောမြူးအမျိုးမျိုး၊ တမံတုပ်ခြင်း၊ ခနွှဲပက်ခြင်း၊ ငှက်လှောင်အိမ်၊ လက်ဖြစ် ထန်းလက်ကုလားထိုင်….။ ထို့နောက် ထန်းလျက်ချက်အရက်။
ပြီးတော့…. လူရွှန်းက သူ့ သူငယ်ချင်းဂျန်တူကို နှစ် ၃ဝ ခန့် လွန်မြောက်ပြီးမှ ပြန်တွေ့သောအခါ… မျက်စိတစ်ဆုံးမျှကဲ့သို့ စိမ်းလဲ့ ရွှန်းစိုသော ဖရဲခင်းများဝယ် အသက် ၁၂ နှစ်ခန့်ရှိ ငွေလည်ဆွဲကလေးနှင့် ကောင်လေးသည် လက်တစ်ဘက်က ခက်ရင်းခွကိုင်ကာ သူ့ခြေကြားတွင်ပင် လွတ်ပြေးသွားသော ဖျံကောင်များကို လိုက်ဖမ်းနေသည့် ဂျန်တူမဟုတ်တော့….။ ယခု လက်ရှိဂျန်တူသည် နှစ်ဆလောက် အရပ်ရှည်လာသော ဂျန်တူ…။
“ယခင်က ဝိုင်း၍ နီသောသူ၏မျက်နှာမှာ ယခု ညိုဝါ လာကာ ပါးရေတွန့်များဖြင့် ယှက်သန်းနေ၏။ နှစ်ပေါင်းများစွာပင် ပင်လယ်လေ ရိုက်ခိုက်ခြင်းခံရသော မျက်လုံးတို့မှာ သူ့ဖခင်ကဲ့သို့ ယောင်၍နေ၏။ သူသည် အကွက်များဖြင့် စွန်းထင်းနေသော သက္ကလပ်ဦးထုပ်နှင့် ပါးလှပ်သော ချည် ဘောင်းဘီး အင်္ကျီကို ဝတ်ထားသည်။ သူကား ခိုက်ခိုက်တုန် ချမ်းနေပုံရသည်။ သူ၏လက်ထဲတွင် ဆေးတံနှင့် စက္ကူထုပ် တစ်ခုရှိသည်။
ကျွန်တော်မှတ်မိသော တုတ်တုတ်ဝဝ ချောမွေ့မွေ့ မဟုတ်ပါ။ ထင်ရှူးပင်မှ သစ်ခေါက်ကဲ့သို့ တွန့်လိမ် ကြမ်းတမ်းသည်…တဲ့။ ဒီအဖွဲ့အနွဲ့ကိုလည်း ကိုကောင်းကြွယ်ကို မြင်ဖန်များတော့ သတိရလာ၏။ ကိုကောင်းကြွယ်ကတော့ နှစ်ပေါင်းများစွာ ပင်လယ်လေ ရိုက်ခတ် ဒဏ်ကြောင့်မဟုတ်၊ နှစ်ပေါင်းများစွာ နေပူဒဏ်နှင့် ကွင်းလေစိမ်း ရိုက်ခတ် ဒဏ်ဟု ပြောရမည်။ ဂျန်တူမှာက ပါးလွှာသော ချည်ဘောင်းဘီနှင့် အင်္ကျီ..။ ကိုကောင်းကြွယ်မှာ ထူထဲသော နှစ်နံစပ်ချည်လုံချည်နှင့် အင်္ကျီ ဗလာ ဖြစ်သည်။
ကျွန်တော်သည် မြို့သာကုန်းဘေး လယ်ကွင်းတွေထဲက လယ်ကန် သင်းတွေပေါ်၊ ချောင်းပေါင်၊ မြောင်းပေါင်တွေပေါ် အကြွေးသွားတောင်းတိုင်း စကားလက်ဆုံကျဖြစ်သည်က ကိုကောင်းကြွယ်သား “ဖိုးတေ”နှင့်ပဲ ဖြစ်ပါသည်။ ဖိုးတေက တကယ့်ကို ကောင်းကြွယ်ပေါက်စ …။ ဘယ်တော့မှ အင်္ကျီမပါ၊ ဘောင်းဘီမပါ၊ ကိုယ်တုံးလုံး…။ တစ်ခါတစ်ရံမှသာ ခပ်နွမ်းနွမ်း လုံချည်စိမ်း တိုတိုလေးကို ဝတ်ထားတတ်၏။ ဖိုးတေကလည်း ပီဘိ ကိုကောင်းကြွယ်ဖြစ်သည်။ ငါးများကို ကွန်ပစ်သည်။ ဆောင်းအုပ်သည်။ ဘယ်မြောင်းမှာ ဘာငါးရှိတာ… ဘယ်ငါးကို ဘယ်လိုဖမ်းရတာ… ဘယ်ရာသီ ငါးရစ်တက်တာ… ဖိုးတေပြောသမျှမှာ ကျွန်တော့်အဖို့ အံ့အားသင့်စရာ အသစ်အဆန်းကြီး ဖြစ်နေပါသည်။
ထို့အတူ ဖိုးတေကိုတွေ့ရတော့ လူရွှန်းက ဂျန်တူ ကလေးဘဝကို တွေ့သည်ကို အမှတ်ရနေသည်။ ထိုနောက်… လူရွှန်း ရွာအပြန် ဂျန်တူက သူ့သား “ချီဆင်”ကို ခေါ်ပြသည့် နောက်ကြောင်းကိုလည်း သတိရစေ သည်။ ချီဆင်ကတော့ ဂျန်တူနောက်ပါးတွင် ကပ်ခါ တုန်ရီကြောက်လန့် နေသော ကလေး..။ ဖိုးတေကတော့ သူ့အဖေ ကိုကောင်းကြွယ် ထက်ပင် သွက်လက်ချက်ချာနေ၏။
ကျွန်တော်ကား ရန်ကင်းတောင်ခြေ ဆယ်ပေမြောင်းပေါင်ပေါ်ရှိ ကိုကောင်းကြွယ်တို့ တဲကလေးမှ လေးငါးခြောက်ခေါက် ပြန်လာသောအခါ ဝတ္ထုလေးတစ်ပုဒ် သန္ဓေတည်မိသည်။ ထိုဝတ္ထုလေးထဲမှ ဇာတ်လိုက် က ဖိုးတေကလေး ဖြစ်နေသည်။ ဝတ္ထုရေးဆရာက ဖိုးတေကလေးကို သူလိုချင်သလို ဇွတ်ပုံသွင်းသည်။ လယ်ကွင်းကြို လယ်ကွင်းကြား ငါးပက် နေသော ဖိုးတေကလေးကို မြို့ သို့ ဇွတ်ခေါ်သည်။ ပြီးတော့ ကျောင်းတက် ခိုင်းသည်။ ဖိုးတေကတော့ ဝတ္ထုထဲမှာပင် စာရေးဆရာကို ငါးပက်သည့် အကြောင်း၊ မြုံးထောင်သည့်အကြောင်း၊ ကြွက်ထိုးသည့်အကြောင်း၊ သူ့ ပညာရပ်တွေ.. သူ့အတွေ့အကြုံတွေကိုပဲ အံ့မခန်းပြောပြသည်။
စာရေး ဆရာကလည်း သူ့ဝတ္ထုကို သူဖြစ်စေချင်သလို ဇွတ်အဆုံးသတ်သည်။ ဤသို့ဖြင့် ကျွန်တော်၏ ပညာပေးဝတ္ထုတိုလေးမှာ ကလေးဂျာနယ် တစ်စောင်၏ ဝတ္ထုတိုခန်းတွင် ဖော်ပြခံရဖူးသည်။ (၈) တန်းအောင်ပြီးစ (၉) တန်းတက်မည့်နှစ်လောက်ကဖြစ်သည်။ သို့သော် ဝတ္ထု ခေါင်းစဉ်လည်း မမှတ်မိ၊ ထိုဂျာနယ်လေးကိုလည်း သိမ်းဆည်းထားရကောင်းမှန်း မသိ၊ ယခုပြန်စဉ်းစားတော့ကို ဇဝေဇဝါ။ ဘယ်လို ကလောင်နာမည်နှင့် ရေးမိမှန်း လည်း မမှတ်မိ။
အဓိက ပြောလိုရင်းက ထိုဝတ္ထုအကြောင်း မဟုတ်၊ သည်နေ့မနက် မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရသော အဖြစ်အပျက် တစ်ခုကို ဖောက်သည်ချလိုခြင်း သို့မဟုတ် တိုင်တည်လိုခြင်းပဲ ဖြစ်ပါသည်။
(ဆက်ရန်)
#voiceofmyanmar #VOM #ဆူးငှက် #​ရေနီ​မြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW