အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ဖမ်းဆီးထိန်းသိမ်းခံရ

ဇူလိုင် ၂၈၊ ၂၀၂၅
GG(VOM)
ပြည်တွင်းမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM အဖွဲ့ ဦးဆောင်သူ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်နေ့ညပိုင်းက တာဝန်ရှိသူတွေ ဖမ်းဆီးထိန်းသိမ်းလိုက်တယ် သမီးဖြစ်သူဆီကသိရပါတယ်။
ဒေါ်မျိုးမျိုးအေးကို ဖမ်းဆီးပြီးနောက် STUM ရုံးကိုလည်း ရပ်ကွက်တာဝန်ရှိသူနဲ့အတူ လူအချို့က ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေပြုလုပ်သွားကြောင်း ၊ ဒေါ်မျိုးမျိုးအေးမှာ ဖမ်းဆီးခံရတဲ့နေ့မှစပြီး ဒီနေ့အထိ အဆက်အသွယ်မရရှိဘဲ ဖြစ်နေတယ်လို့ မိသားစုဝင်ဘက်ကပြောဆိုပါတယ်။
ယခုလို ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး သမီးဖြစ်သူ မခြူးသွယ်ကို VOM မှဆက်သွယ်မေးမြန်းရာ ” ညမ အကောင့်မှာတင်ထားတဲ့အတိုင်းပါပဲ။” ဆိုပြီး ပြောဆိုပါတယ်။
” အမေ့ကို ဘာအကြောင်းကိစ္စမှန်းမသိရဘဲ ဇူလိုင် ၂၅ရက်နေ့ ည ၉နာရီ၃၀မိနစ်လောက်က အမေနေတဲ့ ရွှေပြည်သာက နဝရတ်လမ်း အိမ်မှာ ဝင်ဖမ်းပြီး ခေါ်သွားတယ် ။တချိန်ထဲမှာပဲ ရုံးကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ အရပ်ဝတ်တွေနဲ့ လူဆယ်ယောက်လောက်က ဝင်စစ်ပြီး ရှာဖွေသွားကြတယ်။
အမေ့ကို ဘာကိစ္စနဲ့ ဘယ်နေရာကိုဖမ်းခေါ်သွားမှန်း အခု ၂၇ရက်နေ့ သုံးရက်ကြာတဲ့အထိ ဘာမှမသိရသေးတဲ့အတွက် မိသားစု‌တွေအနေနဲ့ ဘာကြောင့် ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံရလဲမသိရလို့ အမေ့ကို အရမ်း စိတ်ပူနေကြပါတယ်။အမေ့အခြေအနေက ဆေးပုံမှန်သောက်ဖို့ လိုတဲ့အခြေအနေမှာ ရှိတဲ့အတွက် အမေ့သတင်းရဖို့ ကြိုးစားနေပါတယ်။ဘယ်ရောက်နေတယ်၊ ဘာဖြစ်နေတယ်၊ ဘာမှ သေချာမသိရသေးတဲ့အတွက် အပူတပြင်း စုံစမ်းနေရတာကြောင့် တခြား ဘာကိုမှ မပြောချင်သေးပါဘူး။ ” ဆိုပြီး မခြူးသွယ်က သူရဲ့လူမှုကွန်ယက်ကနေ ပြောဆိုထားတာပါ။
ဒေါ်မျိုးမျိုးအေးက ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတည်းက ယခုနစကအစိုးရလက်ထက်အထိ ပြည်တွင်းအလုပ်သမားအရေးကိစ္စတွေ အငြင်းပွားမှုဖြစ်တဲ့အခါ အလုပ်သမားဘက်ကနေ ရပ်တည်ကာဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့သိရပါတယ်။
” အန်တီမျိုးက အခုလည်း စက်ရုံတွေ အလုပ်သမားအပေါ်မတရားလုပ်မှုတွေကို ဖော်ထုတ်ပြီး အလုပ်သမားဘက်ကရပ်တည်နေသူပါ။ သူတို့ကူညီပေးလိုက်လို့ အဆင်ပြေသွားတဲ့အလုပ်သမားတွေအများကြီးပါ။အခုဖမ်းခံရတယ်ဆိုတော့ ဘာကြောင့်ဖမ်းလဲခုထိမသိရသေးဘူး။ဖမ်းပြီးကတည်းက ဘယ်စခန်းမှာလဲ ဘယ်ရောက်နေတယ်ဆိုတာလည်းမသိရတော့ စိတ်ပူနေတာပေါ့။” လို့ အလုပ်သမားအရေးကူညီနေသူ တယောက်ကပြောပါ တယ်။
ဒေါ်မျိုးမျိုးအေးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ တုန်းကလည်း နစကမှဖမ်းဆီးပြီး ပုဒ်မ ၅၀၅ က နဲ့အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း ၊အဲဒီနောက် အောက်တိုဘာ ၂၁ ရက်မှာ ထောင်ကနေ ပြန်လွတ်လာခဲ့သူဖြစ် တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW