ရေနီမြောင်း ချိုဆိမ့် (၃)

ဆူးငှက်
တောလက်ဖက်ရည်ဆိုင်လေးမှာထိုင်ရင်း ကျေးတောသားကြီးများနှင့် စကားစမြည်ပြောရခြင်း၊ ဘဝရသ၊ ဘဝဒဿနများ ထုတ်ရခြင်းကို အပြင်မှာတော့ ကျွန်တော် မခံစားခဲ့ဖူးခဲ့။ သို့သော် စာမျက်နှာပေါ်မှာတော့ တရှိုက်မက်မက် ခံစားကာ ထိုလက်ဖက်ရည် ဆိုင်လေးဆီ မနက်တိုင်းသွားကာ လက်ဖက်ရည်ဆိုင်ရှိလူများနှင့် စကားပြောချင်တာ အူကိုယားနေတော့သည်။ သို့သော် ထိုလက်ဖက်ရည်ဆိုင်က အနီးအနားမှာမရှိ။ ထို့အတူ ခရီးကြုံနိုင်ဖွယ်လည်းမရှိ။ ထိုနံရောအခါ ထိုလက်ဖက်ရည်ဆိုင်ကလေးဆီ သွားလို စိတ်ရှိတိုင်း ထိုစာအုပ်ကိုသာ တစွက်စွက် ဖတ်နေမိတော့၏။
ထိုဆိုင်ကလေးကား ရန်ကုန်နယ်နိမိတ်အလွန်မှာ ရှိနိုင်ပါသည်။ ထောက်ကြံ့မှတစ်ဆင့် သွားရမည်ဆို၏။ ထောက်ကြံ့အလွန် “မြောင်း တကာ” တွင် ရှိသည်ဆို၏။ အဝေးပြေးကားများ မြောင်းတကာတွင် ရေဖြည့်ကြသည်။ နားနေကြသည်။ ကားပေါ်မှဆင်းကာ အညောင်းဆန့်ကြသည်။ အကြော်စားသူစား၊ လက်ဖက်ရည်သောက်သူသောက်ကြသည်။ ထိုဆိုင်ကလေးမှာ ဝင်ပြီး အကြော်တစ်ပွဲနှင့် လက်ဖက်ရည်များ မှာလိုက်ကြတော့ …
“စံပြည့် ဆိုတဲ့ကောင် တော်တော်မိုက်တယ်ဗျာ..၊ သက်သက် တလွဲဆံပင်ကောင်းတယ်”
ဆိုင်ထဲတွင် အကြော်စားနေသော မျက်နှာသုတ်ပဝါ ခေါင်းပေါင်းထားသည့် ဦးကြီးတစ်ဦးက ဆိုင်ရှင်ဖြစ်ဟန်ရှိသူ ဦးကြီး တစ်ယောက်ကို လှမ်းပြောလိုက်သည်ဆို၏။
“ဒီလိုလည်း ဘယ်ဟုတ်မလဲလေ”
လက်ဖက်ရည်ဆိုင်မှ ဦးကြီးက ပြန်ပြောလိုက်၏။ ၎င်း၏ အမူအရာမှာ ခပ်စောစောက ဦးကြီး၏ စကားများကို နှစ်သက်ပုံမရသော အမူအရာမျိုးဖြစ်သည်။
သည်ကတည်းက ကျွန်တော်သည် စာမျက်နှာပေါ်က လက်ဖက်ရည်ဆိုင်ကလေးကို စိတ်ဝင်စားသွား၏။ သည်ဆိုင်ကလေးမှာ ဝင်ပြီး အကြော်တစ်ပွဲမှာကာ လက်ဖက်ရည်တစ်ခွက် မှာသောက်ရင်း ပြောဆိုနေကြသည့်စကားတွေကို နားထောင်ချင်သည်။ ထို့ကြောင့် လည်း စာမျက်နှာပေါ်ကတစ်ဆင့် နားစွင့်ကြည့်မိပြန်သည်။
“ဘယ့်နှယ်ဗျာ သူ့ဘာသာသူအနေသာကြီးပါ။ ရွာ့ပြင်ရောက်နေပြီးမှ ရွာထဲပြန်ဝင်သွားတော့ ဒုက္ခဖြစ်တော့တာပေါ့။ ပြီးတော့ ဦးသာဇံ ဆိုတာ သူနဲ့ ဘာဆိုင်တာမှတ်လို့။ သူက ဘာဖြစ်လို့ ဝင်ပြီး ကာကွယ်ရတာလဲ။ သူ့အပေါ် ကျေးဇူးရှိဖူးတာလည်းမဟုတ်၊ ကိုယ့် ထမင်းကိုယ်စားပြီး ဒုက္ခရှာလို့”
ဦးကြီးက ဆက်၍ပြောလျက်ရှိ၏။
“ကျေးဇူးခံကျေးဇူးစားတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့် မျက်စိရှေ့မှာ လူတစ်ယောက်ဒုက္ခရောက်နေတာကို မြင်တော့ လည်း မနေသာဘူးပေါ့”
လက်ဖက်ရည်ဆိုင်ရှင်ကြီးက ချေပ၏။
“ဒါတော့ သူက ရွာပြင်ရောက်ပြီးသား၊ ရွာထဲပြန်ဝင်လာတာကိုးဗျ။ မမြင်ချင်လို့ ဘယ်ရတော့မလဲ။ သက်သက်ကြမ္မာငင်ချင်လို့ ပြန်ဝင်လာတာကိုး။ ဟိုတစ်ခါ ကောင်မလေးသုံးယောက် ပြန်ပေးဆွဲသွားတုန်းကလည်း သေတော့မလိုဖြစ်ပြီးပြီ”
လက်ဖက်ရည်ဆိုင်ရှင်သည် ဘာမျှမပြောဘဲ တိတ်ဆိတ်လျက်ရှိ၏။ စိတ်ထဲကမူ ကျေနပ်ဟန်မတူ။ ဈေးရောင်းသူနဲ့ ဈေးဝယ်သူ ဖြစ်၍ အငြင်းအခုန် မလုပ်လိုသောကြောင့် တုံဏှိဘာဝေ ပြုနေဟန်တူ၏။
“အဲဒီတုန်းက စံပြည့်က လိုက်သွားမှာပေါ့တော့။ ပြန်ပေးဆွဲခံရတဲ့ ကောင်မလေးသုံးယောက်တဲမှာ သူ့ရည်းစားပါတာကိုး”
ဆိုင်ရှင်၏ဇနီးဖြစ်ဟန်တူသူ မိန်းမကြီးက လှမ်းပြောလိုက်သည်။
ကျွန်တော်သည် ဆိုင်ရှင်နှင့် စားသုံးသူ ရင်းနှီးကျွမ်းဝင်စွာ ပြောဆို ဆက်ဆံရင်း လက်ဖက်ရည်သောက်ကြသည့်မြင်ကွင်းလေးကို တသနေမိသည်။ အကြော်က ပူပူနွေးနွေး။ မတ်ပဲကြော်၊ ပဲစာဥကြော်၊ ငါးပေါင်း ကြော်၊ ဘူးသီးကြော်တွေ ပါမှပေါ့။ ပူပူလောင်လောင် ဘူးသီးကြော်တစ်ခု ကိုကိုင်ကာ တဖူးဖူးမှုတ်ရင်း နှုတ်ခမ်းနှင့်မထိအောင် သွားဖြင့် ကိုက်ကာ အမြန်မျိုချရသည်။ ရဲပတောင်းခတ်လု အရောင်နှင့် ချိုရဲရဲ လက်ဖက်ရည် တစ်ကျိုက်ကိုလည်း သောက်လိုက်ရသည်။
မြို့ပြ၏ ဆိုင်ခန်းကျဉ်းကျဉ်း၊ ထိုင်ခုံကျဉ်းကျဉ်း၊ အပြောအဆို ကျဉ်းကျဉ်း လက်ဖက်ရည်ဆိုင်ခန်းလေးများတွင် အထိုင်ရကြာလာ တော့ “မြောင်းတကာ” လက်ဖက်ရည်ဆိုင်လေးမျိုး တမ်းတလာ၏။ ခုံရှည်ပေါ် အားပါးတရ ဆောင့်ကြောင့်ထိုင်ကာ အကြော်တွေ တစ်ခုပြီးတစ်ခုစားရင်း စံပြည့်အကြောင်း၊ ဦးသာဇံအကြောင်း မေးမြန်းချင် သည်။ ဆွေးနွေးချင်သည်။ ငြင်းခုန်ချင်သည်။
ထို့ကြောင့်လည်း မြို့ပြ၏ လက်ဖက်ရည်ဆိုင်များမှာ ကျွန်တော့်ဆန္ဒ မပြည့်ဝလေတိုင်း ဆရာမြသန်းတင့်၏ ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများစာအုပ်မှ ရွှေလင်းယုန်၏ “သူ” ဝတ္ထုမှ ဆရာဝန် ကိုမြင့်မောင်နှင့် တွေ့ဆုံခန်းကို အပြန်ပြန်အလှန်လှန် ဖတ်နေမိ တော့၏။
ထိုနံရောအခါ တောင်သမန်ဦးပိန်တံတားအရှေ့ထိပ်က လက်ဖက်ရည်ဆိုင် ထန်းရွက်တဲကလေးမှာ နေရစ်ခဲ့ဦးမယ်ဗျာဟုသော ကျွန်တော့် ဆရာတစ်ယောက် ဆန္ဒအာသီသကို သဘောပေါက်နားလည်မိတော့သည်။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW