ရေနီမြောင်း တစ်ရေးနိုး (၄)

ဆူးငှက်
မနက်စောစောထ လမ်းလျှောက်သော စာရေးဆရာမှာလည်း “ရ”ခဲ့သည်။ သူရသည်က ငွေကြေးမဟုတ်၊ ဘာဝနာမဟုတ်။ သို့သော် စာရေးဆရာတစ်ယောက်အတွက် အဖိုးမဖြတ်နိုင်သည်များကို ရခဲ့သည်။ ကြည့်လေ …
“မနေ့မနက်က ကျွန်တော် သည်နေရာရောက်သောအခါ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် ချိုပြုံးနေသော နေလုံးကြီးသည် ပြူတစ် ပြူတစ်နှင့် လူးလွန့်ကာ ထွက်လာလေပြီ။ အခြားအချိန်မှာ အကြည့်မခံသော နေလုံးကြီး၊ ထိုအချိန်မှာတော့ ပြုံးရွှင်စွာ အကြည့်ခံနေ ၏။ ကြာပန်းရုံကြီး ပွင့်အာလာသောအခါ အပေါ်ထပ်ပွင့်ချပ်စိမ်းများ တစ်လွှာပြီးတစ်လွှာ ကွာကျနေသလို တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာတို့သည် တဖြည်းဖြည်း တရွေ့ရွေ့ ဘေးသို့ဖယ်ရှားပေးနေကြသည်။ တိမ်တိုက်၊ တိမ်လွှာ၊ တိမ်ညွန့်များကို ကွပ်ထားသော ငွေရေးကောက် ကြောင်းများသည် လူးလွန့်ပြန့်ကား ထွက်နေကြ၏။ အရှေ့ဘက်ကောင်းကင်မှ ပတ္တမြားရောင်၊ နီလာရောင်၊ ရွှေရောင်၊ ငွေရောင်တို့သည် အနောက်ဘက်ကောင်းကင်ပြင်တွင် ရောင်ပြန်ဟပ်နေကြသည်။ တောင်ဘက်၊ မြောက်ဘက်သို့လည်း ရောင်ဖြာကူးယှက်နေကြသည်။ တကယ်တော့ လောကဓာတ်ကြီးတစ်ခုလုံးအနှံ့ ပတ္တမြားရောင်၊ နီလာရောင်၊ ရွှေရောင်၊ ငွေရောင်တို့သည် ကွန်မြူးနေကြလေပြီ။
ရောင်စုံကွန်မြူးသော မြို့ရိုးကြီးကား မကြုံစဖူး အလှထူး နေ၏။ နီညိုသော အုတ်ချပ်များသည်ပင် အခါတိုင်းလိုမဟုတ်၊ ရွှေအိုရောင်ပေါက်နေသလား မပြောတတ်။ မွမ်းမံပြင်ဆင်ထားသော ပြာသာဒ်များက ပိုနွဲ့နှောင်း ကြော့ရှင်းနေသည်။ မူလ အနေအထားအတိုင်း မွမ်းမံပြင်ဆင်ထားသော ပစ္စင်၊ ရင်တား၊ သူရဲခို၊ ပြအိုးတို့ကား ပိုမိုခံ့ညားထည်ဝါနေသည်။ မြို့ရိုးခြေရင်းတွင် ရတနာပုံ ရွှေမြို့တော် တည်စကပင် စိုက်ထားသည်ဟု ထင်ရအောင် အိုမင်းနေသော သစ်ပင်အိုကြီး တစ်ပင်နှင့် ထန်းပင်ကြီးနှစ်ပင်တို့သည် ချိုပြုံးနေသော နေလုံး ကြီးမှ လွှတ်လိုက်သည့် ရောင်ခြည်နုများအောက်တွင် နုပျို၊ လန်းဆန်းနေကြဟန် ရှိသည်။ မကြာသေးမီကလေးက မြေ တလင်းပြင်လိုလို၊ ရေမျက်နှာပြင်လိုလို ထင်ခဲ့ရသော ကျုံးကြီး သည် မှန်ချပ်ကြီးဖြစ်လာကာ နေဝန်းနီ၊ ကောင်းကင်၊ မြို့ရိုး၊ ထန်းပင် စသည့်တို့ကို ထင်ဟပ်နေလေသည်။ ပတ်ဝန်းကျင် အရှိတရား၏ ပကတိအလှနှင့် ဝိကတိအလှတို့ သဟဇာတ ဖြစ်သွားလေသောအခါ အလှသည် အလှဆုံးဖြစ်သွားလေ သည်” တဲ့။
စာရေးဆရာ ရလိုက်သည်ကတော့ “အလှ” ဖြစ်သည်။ “အလှ” သည် “ရသ” ဖြစ်သည်။ “ရသ” သည် စာရေးဆရာအတွက် သည်းခြေ ကြိုက်၊ အဖိုးမဖြတ်နိုင်။ သည်ရသကို အခြေခံ၍ အနုပညာများစွာ တောက်စား ကွန့်မြူးပေရော့။
စာရေးဆရာက တစ်နံနက်ခင်း အမှတ်မထင် တွေ့လိုက်၊ ရလိုက်သော ထိုအလှတွင် ယစ်မူးသွားသည်။ တရှိုက်မက်မက် ထပ်ကာ ထပ်ကာ ခံစားချင်သည်။ ထို့နောက် မန္တ လေးရောက်ခိုက် ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲ၊ ရှားပါးစွာရရှိသည့် ထို “အလှ” အတွက် နောက်နေ့မနက်စောစောလည်း ထပြီး လမ်းလျှောက်ပြန်သည်။ မနေ့ကတွေ့ ခဲ့သော ထို “အလှ”ကို ရှာသည်။ မတွေ့တော့။ မူလ မှန်းထားသော အရှေ့တောင် ကျုံးထောင့်ထိ “အလှ”ကို မတွေ့သောအခါ မြောက်သို့ဆက်ကာ အရှေ့ကျုံးလမ်း အလယ်ပေါက် ဦးထိပ် တံခါးထိ “အလှ” ကို ရှာပြန်၏။ နောက်ကျသွား ချေပြီ။ မတွေ့ ပြန်တော့။ မိနစ်လေးအနည်းငယ်မျှ နောက်ကျသွားသဖြင့် “အလှ” ကို လက်လွှတ်လိုက်ရသောအခါ စာရေးဆရာ၏ မြင်မြင်သမျှ သဘာဝများသည် အကျည်းတန်လာတော့၏။
ထိုအခါ နေလုံးနီနီကို တွေ့ပါ၏။ ပြုံးရယ်နေသော နေလုံးနီ မဟုတ်တော့။ နုပျိုသောရောင်ခြည်များကို တွေ့ပါ၏။ စေ့စေ့ကြည့် ခံသော မျက်နှာမဟုတ်တော့။ တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာများကို တွေ့ ပါ၏။ ပတ္တမြား ရောင်၊ ရွှေရောင်၊ နီလာရောင်မဟုတ်တော့။ တိမ်လွှာ တိမ်တိုက် တိမ်ညွန့်များကို တွေ့ပါ၏။ ကနုတ်ဟန်၊ ယိုဒယားပန်းအလှမဟုတ်တော့။ ပြအိုး၊ သူရဲခို၊ ပစ္စင်၊ ရင်းတား၊ ထီး၊ ပြာသာဒ်များ ခံ့ညားပါ၏။ သို့သော် ကဗျာ မဆန်တော့။ မြို့ရိုးအို၏ အဖာအထေး၊ သစ်ပင်အို၏ အရိုးပြိုင်းပြိုင်း၊ ထန်းပင်အို၏ ကလန်ကလား၊ အရွက်ခြောက်၏ ကိုးရိုးကားရားများကို ခနော်နီခနော်နဲ့ မြင်နေရ၏။
ထိုအခါ စာရေးဆရာသည် မင်္ဂလာတံတားပေါ်မှတစ်ဆင့် ကျုံးအတွင်း ဥယျာဉ်ထဲဝင်ကာ အရိပ်ကောင်း သစ်ပင်၊ သီးပွင့်ကောင်း ပန်းပင်၊ အပန်းဖြေနားနေရာ နေရာထိုင်ခင်းတို့အပြင် ကစားစရာ ပစ္စည်းကိရိယာတွေ၊ ပျော်ပွဲစားစရာ ဈေးဆိုင်ကနားတွေ၏ အဆန်း တကြယ်သည်လည်း ချမ်းမြေ့ဖွယ် မဖြစ်တော့။
လှိုင်းတွန့်လေးများဖြင့် ပြုံးနေသော ရေမျက်နှာပြင်ပေါ်က နေခြည်နုတို့ တဖျပ်ဖျပ်တောက်ပကာ တရွရွလှုပ်လဲ့ ကခုန်နေသော မြစိမ်းရောင် ရေညှိပင်များကြား ငါးကလေးများ၏ လိုက်တမ်းပြေးတမ်း ကစားနေသော ကျုံးရေအတွင်း မြင်ကွင်းသည်လည်း ပျောက်ဆုံးသွားသော အလှမှာ အစားထိုး နေရာမယူနိုင်တော့။
“စာရေးဆရာတစ်ဦး၏ အလှဖန်ဆင်းဉာဏ်စွမ်းအားသည် သဘာဝ မိခင်ကြီး၏ အလှဖန်ဆင်းဉာဏ်စွမ်းအားကို အမီလိုက်နိုင် မဟုတ်ချေ တကား” ဟူ၍ ဆရာကြီးသိန်းဖေမြင့်က သူ၏ “ သည်ကနေ့တော့ မင်းကို မတွေ့ခဲ့ရပါလား အလှရယ်” ဟူသော ဝတ္ထုတိုဖြင့် ကောက်ချက်ချ ပြသည်ကို ဖတ်လိုက်ရတော့ လှုပ်ခါသွားသည်။
မိနစ်အနည်းငယ်မျှ အိပ်ရာထနောက်ကျသဖြင့် ဆုံးရှုံးသွားရသော လက်လွှတ်သွားရသော အခွင့်အရေးတစ်ရပ်အပေါ် ဆရာကြီး သိန်းဖေမြင့် ယူကျုံးမရဖြစ်နေချိန်တွင် ကျွန်တော်တို့ သည် နာရီပေါင်းများစွာ နေ့ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ချီ၍ အိပ်စက်ဖြုန်းတီး ပစ်နေမိတော့သည်။
-၀- -၀- -၀-
တကယ်တော့ အသက်(၄၀) စွန်းပါမှ ဆက်အိပ်၍မရတော့သော အခြေအနေ ပတ်ဝန်းကျင်ကြောင့် လူးလဲထ၊ မျက်လုံး ပွတ်သပ်ကာ ကယောင်ကတမ်းနှင့် ပျောက်ဆုံးသွားသော “အလှ” များစွာကို မိုက်မဲစွာ ရှာဖွေကြည့်နေမိတော့သည်။
ဝီရိယကောင်းသူများက ယူသွားကြတာ ကြာပြီပေါ့။
ကိုယ့်အတွက် ဘာမျှမကျန်တော့။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW