ဩဂုတ် ၂၉ – ၂၀၂၅
SN (VOM)
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးသည်တင်ကားတွေ ပိတ်မိနေသလို ဒေသခံ စစ်ရှောင် အရေအတွက်လည်း တိုးလာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါ ဒေသမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့ကစပြီး နလအတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၆ ရက်နေ့မှာတော့ တိုက်ပွဲကြောင့် ထားဝယ် – ရန်ကုန်ကားလမ်း၊ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးတလျှောက်၊ မလွဲတောင်နဲ့ ကလိန်အောင်လမ်းပိုင်း ဖြတ်သန်း သွားလာခွင့်ကို လက်နက်ကိုင် တပ်တွေဘက်က ပိတ်ပင်လိုက်တဲ့အတွက် ခရီးသည်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။
“လမ်းက ဩဂုတ် ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းလောက်စပြီး ပိတ်ချလိုက်တာ အခုထိပဲ။ ကားတွေက နောက်ပြန်လှည့်လို့လည်း မရသလို ရှေ့ဆက်သွားလို့လည်း မရတော့ဘူး။ လမ်းဘယ်အချိန် ပြန်ဖွင့်မယ် ဆိုတာလည်း မသိရသေးဘူး။ အခု ကားတွေ ရပ်ထားရတဲ့ နေရာကလည်း လူသူအလှမ်းဝေးတဲ့ နေရာဆိုတော့ စားရေးသောက်ရေး အားလုံး အခက်တွေ့နေကြတယ်” လို့ ခရီးသွားတယောက်က ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၂၉ ရက် မနက်ပိုင်းအချိန်အထိ အဆိုပါ လမ်းပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် လူထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အဆိုပါလမ်းပိုင်း သွားလာခွင့်အတွက် အတက်ကားတွေရော အဆင်းကားတွေကိုပါ ပိတ်ထားတာ ဖြစ်တယ်လို့ သိရပြီး ထားဝယ်ဘက်ကနေ တက်လာတဲ့ ခရီးသည်တင် ယာဉ်တွေကိုလည်း လမ်းတဝက်ကနေ ပြန်လွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေဟာ မိုင် ၆၀၊ သာယာမွန်၊ ကော့လှိုင်၊ မရမ်းချောင်း စတဲ့ ကျေးရွာတွေအနီး နေ့စဥ်နီးပါး ပြင်းထန်စွာ ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲကြောင့် အဆိုပါ ကျေးရွာတွေက ဒေသခံတွေအပြင် နီးစပ်ရာ ကျေးရွာတွေက ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်တွေဟာ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာ ဆွေမျိုးတွေနေအိမ်နဲ့ ဥယျာဥ်ခြံတွေထဲ တိမ်းရှောင်နေရတာဖြစ်ပြီး အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
“အဓိက က စားသောက်ရေး အဆင်မပြေ ဖြစ်နေတာပါ။ လူဦးရေ တဖြည်းဖြည်း တိုးလာနေတော့ လုံလောက်မှု မရှိတော့ဘူး။ ဒါကြောင့် အဓိက လိုနေတာကတော့ စားနပ်ရိက္ခာပေါ့။ နောက်တခု မဖြစ်မနေ လိုတာကတော့ အမိုးအကာပါ။ တချို့ ဒေသခံတွေက ဥယျာဉ်ခြံတွေထဲ တိမ်းရှောင်နေကြတာတွေ ရှိတယ်။ သူတို့တွေအတွက် အမိုးအကာတွေလည်း လိုပါတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင် ၆၀၊ သာယာမွန်၊ ကော့လှိုင်၊ မရမ်းချောင်း စတဲ့ ကျေးရွာတွေအပြင် အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ကျွဲတလင်း၊ သုံးဆူ၊ ရာဖူး၊ အလယ်စခန်း အစရှိတဲ့ရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး စစ်ရှောင်ဦးရေ ၃၀၀၀ ဝန်းကျင် ရှိလာပြီ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒေသခံတွေက မိုးထဲလေထဲ ညတွင်းချင်း တိမ်းရှောင်ကြရတာ ဆိုတော့ တချို့ ရာသီတုပ်ကွေး ဖြစ်တာရှိတယ်။ နှာစေး၊ ချောင်းဆိုး ဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ ဒါကြောင့် ဆေးဝါးတွေလည်း လိုအပ်ပါတယ်။ ဒီနှစ်တိုက်ပွဲကလည်း အရင်နှစ်တွေထက် ပိုပြင်းထန်တယ်လို့ပဲ ပြောရမယ်။ ဒါကြောင့် ဘယ်အချိန် အိမ်ပြန်ရမယ် ဆိုတာလည်း မသိနိုင်သေးဘူးလေ။ အခု ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေ ဆိုရင်တော့ နလအတပ်ဘက်က တပ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်လာနေတာ။ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ရှေ့တိုးလာတာပေါ့။ လက်နက်ကိုင် တပ်တွေဘက်က နောက်ဆုတ်ရတဲ့ အခြေအနေမှာရှိတယ်” လို့ သူက ပြောပါတယ်။
တိုက်ပွဲကြောင့် မရမ်းချောင်းမှ အလယ်စခန်းရွာအထိ ကျေးရွာ ကိုးရွာမှ အခြေခံပညာကျောင်း စုစုပေါင်း ကိုးကျောင်းလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။
Photo – CJ
