ဒုက္ခသည်စခန်းက မြန်မာတွေ ထိုင်းမှာအလုပ်လုပ်ကိုင်နိုင်ရေး ဘာသာစကားနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ လေ့လာထားဖို့ တိုက်တွန်း

ဩဂုတ် ၂၉ ၊ ၂၀၂၅
GG (VOM)
ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာဒုက္ခသည်စစ်ရှောင်တွေအနေနဲ့ ထိုင်းဘာသာစကား ၊ထိုင်းယဥ်ကျေးမှု ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို လေ့လာသင်ယူထားကြဖို့ အလုပ်သမားရေးဆောင်ရွက်သူတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကိုးခုမှ မြန်မာစစ်ရှောင်ပြည်သူ ၄၂၀၀၀၀ ကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ပြုထားတာကြောင့် ဒုက္ခသည်စစ်ရှောင်မြန်မာတွေအနေနဲ့ အလုပ်လုပ်ခွင့်ရရှိရေးအတွက် ကြိုတင်လေ့လာသင်ယူမှုတွေရှိဖို့လိုအပ်ကြောင်း ပြောဆိုတာဖြစ်တယ်လို့သိရပါတယ်။
မြန်မာစစ်ရှောင်တွေကို ထိုင်းအစိုးရက မွေးမြူရေးလုပ်ငန်း ၊ စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး ၊ သစ်စက်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။
” အခုကာလမှာဒုက္ခ သည်စခန်း ၉ ခုမှာရှိတဲ့အရွယ်ကောင်းတဲ့ အသက်ပြည့်တဲ့ စစ်ရှောင် ၄၂၀၀၀ က ကိုယ့်စစ်ရှောင်စခန်းမှာရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ၊ထိုင်းဘာသာစကား ထိုင်းယဥ်ကျေးမှုတွေကိုလေ့လာပါ။အဓိက ထိုင်းအရှေ့ပိုင်းက ပင်လယ်အစားအစာထုတ်လုပ်ရေးလုပ်ငန်း၊ပင်လယ်တံငါလိုက်တဲ့လုပ်ငန်း ၊သစ်စက်လုပ်ငန်း၊နာနတ်သီးနဲ့ဒူးရင်းခြံ ခြံတောင်ယာလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရမှာဖြစ်တယ်။စစ်ရှောင်စခန်းတွေထဲမှာ အဲလိုမျိုးအသက်မွေးဝမ်းကျောင်းပညာတွေသင်ပေးတာရှိရင်ခုကတည်းသင်ထားပါ။” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA )၊ ဥက္ကဋ္ဌ ဉီးမိုးကြိုးက ပြောပါတယ်။
နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းကိုးခုကနေ မြန်မာနိုင်ငံသား ၄၂၀၀၀ ကို ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးသွားမယ့်အကြောင်းကိုတော့ ဩဂုတ် ၂၆ ရက်နေ့မှာ ထိုင်းအစိုးရက တရားဝင်အသိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။
အဓိက ထိုင်းနဲ့ကမ္ဘောဒီယားစစ်ပွဲအကြားမှာ ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ နေရပ်ပြန်သွားကြတာကြောင့် အလုပ်သမားလိုအပ်ချက်ကြီးမားနေတဲ့အတွက် နယ်စပ်က မြန်မာဒုက္ခသည်တွေကို အလုပ်ခန့်ထားဖို့အထိ ခွင့်ပြုလာတာဖြစ်ကြောင်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်၊ မယ်ဟောင်ဆောင်၊ ကန်ချနပူရီနဲ့ ရာ့ချ်ပူရီ ခရိုင် ၄ ခုထဲက UN အသိအမှတ်ပြု ဒုက္ခသည်စခန်းကိုးခုရှိ အသက်ပြည့်ပြီး ကျန်းမာရေးကောင်းသူတွေကို ရွေးချယ်ပြီး အလုပ်လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ ခုလို မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုပေးမယ့်အပေါ် အလုပ်သမားရေးဆောင်ရွက်သူတွေ၊ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာအေဂျင်စီ(UNHCR)ကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
“ဒုက္ခသည်စခန်း ကိုးခု မှာရှိတဲ့မြန်မာဒုက္ခသည်တွေထဲကနေပြီးတော့ ၄၂၀၀၀ ကိုအလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေထုတ်ပေးမယ်လို့ အတည်ပြုဆုံးဖြတ်ချက်က သကြားပေါ်ပျားရည်လောင်းသလိုအင်မတန်ချိုမိန်တဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အပြင် ထိုင်းအစိုးရရဲ့ ပြောင်းလွယ် ပြင်လွယ်နိုင်စွမ်းနဲ့အခြေအနေအချိန်ခါနဲ့အညီသူတို့ရဲ့ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ လုပ်သားလိုအပ်ချက်ကြီးမားနေတာကို အချိန်မီဖြည့်စွက်နိုင်အောင်ကြိုးပမ်းမှုတွေထဲကတခုဖြစ်ပါတယ်။ဒီအတွက်များစွာဝမ်းသာကြိုဆိုပါတယ်။” လို့ ဦးမိုးကြိုးက ထပ်မံပြောပါတယ်။
ယခုလို ထိုင်း – မြန်မာနယ်စပ်ရှိ မြန်မာ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ၊ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြတ်တောက်ထားချိန်မှာ ထိုင်းအစိုးရအနေနဲ့ တရားဝင်အလုပ်လုပ်ကိုင်ဖို့ခွင့်ပြုလာတာ စစ်ရှောင်တွေအတွက် တဖက်တလမ်းမှ လုပ်ခလစာရရှိလာပြီး မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဘဝတက်လမ်းပွင့်လာခြင်းဖြစ်တယ်လို့သိရပါတယ်။
” အလုပ်လုပ်ခွင့်ရဖို့တော့မျှော်လင့်ပါတယ်။ကိုယ်ပိုင်ဝင်ငွေရှိတော့ မျက်နာမငယ်ရဘူးပေါ့။ကိုယ့်ဘဝလည်း ကြိုးစားဏင်ကြိုးစားသလောက်အနေအထားတခုရှိလာမယ်။မိသားစုလည်းအဆင်ပြေမယ်။အခုလိုပဲ နေနေရတာ ကြာရင်မပြေဘူးလေ။ကျွန်တော်က ပန်းရံလုပ်တတ်တော့ဆောက်လုပ်ရေးဘက်ဆိုပိုအဆင်ပြေတာပေါ့။” လို့ ဒုက္ခသည်စခန်းတခုမှ စစ်ရှောင်မြန်မာလူငယ်ကပြောပါတယ်။
လက်ရှိမှာတော့ ထိုင်းအစိုးရက မြန်မာဒုက္ခသည်စခန်းကိုးခုမှာ အသက် ၁၆ နှစ်မှ ၆၅ နှစ်အတွင်း အလုပ်လုပ်ကိုင်နိုင်သူတွေကို စာရင်းကောက်ယူမှုရှိပြီး မိမိတတ်ကျွမ်းတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကိုလည်း ဖော်ပြပေးရတယ်လို့သိရပါတယ်။
ဒုက္ခသည်စခန်း ကိုးခုမှာတော့ မြန်မာစစ်ရှောင် ၇၇၀၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။
Photo: Anadolu

Related posts

Leave a Comment

VOM News

FREE
VIEW