နေ့စဉ်လိုလို လုယက်မှု​တွေ​ကြောင့် စိုးရိမ်ထိတ်လန့်​နေရတဲ့ မန္တ​လေး

SM+SA(VOM)
မန္တလေးမြို့မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ ခိုးဆိုးလုယက်မှုတွေကြောင့် ပြည်သူလူထုဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ သွားလာနေကြရပါတယ်။
ဒီလိုအခြေအနေတွေဟာ မြို့ခံတွေရဲ့ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသလို၊ တည်ငြိမ်အေးချမ်းမှုနဲ့ ယုံကြည်မှုကိုလည်း ထိခိုက်စေပါတယ်။
အရင်က မန္တလေးမြို့မှာ လုယက်မှုတွေဟာ လူပြတ်တဲ့နေရာတွေ ဒါမှမဟုတ် ညဘက်တွေမှာ အဓိကဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ လုယက်သူတွေဟာ နေ့ခင်းကြောင်တောင်နဲ့ လူစည်ကားတဲ့နေရာတွေမှာပါ အကြောက်အလန့်မရှိ ပေါ်ပေါ်တင်တင် လုယက်လာကြတာကို တွေ့ရပါတယ်။ အချို့ဖြစ်စဉ်တွေမှာဆိုရင် ငွေကြေးနဲ့ ပစ္စည်းတွေ လုယက်ရုံသာမက လူကိုပါ သတ်ဖြတ်တဲ့အထိ ရက်စက်လာကြပါတယ်။ ဒီလိုပြင်းထန်တဲ့ အမှုအခင်းတွေဟာ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေပြီး အထိတ်တလန့်ဖြစ်စေပါတယ်။
အခုဩဂုတ်လ တစ်လအတွင်းမှာ VOMရဲ့လက်လှမ်းမီသလောက် စုံစမ်းမေးမြန်တာတွေလုပ်တဲ့အခါ လုယက်မှု၁၄မှု ဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။
ဩဂုတ် ၈ရက်နေ့ မွန်းလွဲ ၁နာရီခန့်က မန္တလေးတောင် မြောက်ဘက် ဗန္ဓုလကွေ့မှာ ဆိုင်ကယ်နဲ့လာတဲ့အမျိုးသမီး နှစ်ဦးကို လူငယ် ၅ဦးက ဆိုင်ကယ်နှစ်စီနဲ့ကပ်လာပြီ လုယက်လို့ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ငွေသုံးသိန်းကျော်ပါတဲ့ ပိုက်ဆံအိတ်ပါသွားပါတယ်။ဆိုင်ကယ်လဲသွားတဲ့အတွက် အမျိုးသမီးနှစ်ဦးမှာ အနည်းငယ်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။
အလားတူဖြစ်စဉ်မျိုး ဩဂုတ် ၈ရက်နေ့ည ၇နာရီကလည်း အောင်မြေသာစံမြို့နယ်၊မြို့ရှောင်လမ်း၊၁‌၂လမ်းကွေ့မှာ ဆိုင်ကယ်ဖြင့် အလုပ်ပြန်လာတဲ့ သားအမိနှစ်ဦးကို ဆိုင်ကယ်ရှေ့က လူငယ် သုံးဦးက ဆိုင်ကယ်နဲ့ပိတ်ရပ်ပြီး ဆိုင်ကယ်လုယူခံရတာလည်းဖြစ်ပွားခဲ့ပါသည်။
ဩဂုတ်လ ၁၄ရက်၊၁၆ရက်၊၂၁ရက်တို့မှာလည်း ပုသိမ်ကြီးမြို့နယ် နန္ဒာတောင်ရွာမြောက်ဘက်မှာဆိုင်ကယ်လုယက်မှုတစ်ကြိမ်၊ရွှေမန်းတောင်ဂေါက်ကွင်းအနီးတစ်ကြိမ်၊မန္တလေးတောင် အရှေ့ဘက် နွယ်နီရွာဆိုင်ဘုတ်အနီးလမ်းဆုံမှာနှစ်ကြိမ် စတဲ့‌ေနရာ‌‌ေတွမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လူမှုကွန်ရက်မှာ တက်လာတဲ့လုယက်မှုတွေမပါသေးပါဘူး။
၂၀၂၂ ခုနှစ်နောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်၊ ကား၊ အိုးဝေတွေကို ပစ်မှတ်ထား လုယက်သတ်ဖြတ်ခံရတဲ့ အရေ အတွက် တစနဲ့ တစ များပြားလာတာကိုတွေ့ရပါတယ်။
ဇူလိုင် ၉ ရက် နံနက်က ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းဦး ၇၂ နှစ်ဟာ အမရပူရမြို့နယ်၊ တမာလမ်းမှာ Click ဆိုင်ကယ်မောင်းနှင်နေချိန် လူတစုက ရိုက်နှပ်ပြီးလုယက်ခဲ့တာကြောင့် ဆေးရုံမှာ အဲ့ဒီဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီ ၁၀ ရက်နေ့ကလည်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး – မတ္တရာကားလမ်းအရှေ့ဘက် အင်ကျယ်ရွာနဲ့ မင်းကန်ရွာကြား အိမ်ရှေ့ မင်းထန်းတောအနီးမှာ အိုးဝေမောင်းတဲ့သူကို သတ်ပြီး TVS ယာဥ်အမျိုးစား အိုးဝေတစီး လုယူခံရမှု ဖြစ်ခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ပြင်ဦးလွင်ကို ကားအဌားလိုက်သွားတဲ့ အမျိုးသားတဦး သတ်ဖြတ်ခံရပြီး Suzuki ကားလုခံရသလို ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ရွှေစာရံဘုရားဖူးလိုက်ပို့တဲ့ မီနီအိုးဝေ တစီး ခိုးခံရပြီး ဒီကနေ့အချိန်ထိ ပြန်မတွေ့သေးဘူးလို့သိရပါတယ်။
လုယက်သူအများစုဟာ အသက် ၂၀ကနေ ၂၅ကျော်တွေဖြစ်တယ်လို့လည်းသိရပါတယ်။ လုယက်ခံရတာအများစုဟာ အမှုဖွင့်ခဲ့တာမရှိတာကိုလည်း တွေ့ရပါတယ်။ လုယက်ခံရသူတွေအနေနဲ့ကလည်း သက်ဆိုင်ရာ နယ်မြေရဲစခန်းတိုင်းမှာအမှုဖွင့်သင့်ပါတယ်။ ချွင်းချက် အနေနဲ့ ဖွင့်လည်း မထူးဘူးဆိုတဲ့ အသိအမြင်တွေကို ဖယ်ရှားပစ်နိုင်ဖို့က သက်ဆိုင်ရာရဲတပ်ဖွဲ့မှာ တာဝန်ရှိပါတယ်။
မြို့ဝင်၊မြို့ထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေရှိနေသလို အထင်ကရနေရာတွေမှာလည်းလုံခြုံရေးဂိတ်‌တွေရှိနေပါတယ်။ ဒါ့အပြင် မြို့တွင်းမှာလည်း စစ်ဆေးတာတွေ လုံခြုံရေးကင်းလှည့်တာတွေ ပြုလုပ်နေပေမဲ့လည်း လုယက်မှုတွေကိုတော့ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်မှုက အားနည်းနေပါတယ်။မြေပြင် ပကတိအရှိတရားကတော့ သာမန်သွားလာနေကြတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ဖုန်း‌တွေ စစ်ဆေးတာတွေပြုလုပ်ပြီး ဖမ်းဆီးငွေတောင်းတာတွေ ပြုလုပ်နေတာကိုလည်း မြင်တွေ့ကြားသိနေရပါတယ်။ ဒီလိုတွေ ကြုံတွေ့နေရတော့ အစိုးရအပေါ် ကိုလည်း ယုံကြည်မှုနဲ့ လေးစားမှုတွေ လျော့နည်းလာပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်မှုက အလွန်နည်းပါတယ်။မမိဘူးပြောတာမဟုတ်ပါဘူး။ ဖြစ်နေတာတွေနဲ့စာရင် ဖမ်းမိတာအလွန်နည်းတာကို ဆိုလိုတာပါ။ သက်ဆိုင်ရာတွေအနေနဲ့ ငြင်းမယ်ဆိုကလည်း ငြင်းနိုင်ပါတယ် ။ပြည်သူ့လုံခြံု‌ေရးအတွက်နယ်‌‌ေမြဆင်း‌ေနတဲ့ အထူးသဖြင့် ရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် စီမံဆောင်ရွက်ဖို့လိုပါတယ်။
နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ လုယက်မှုတွေကြောင့် မန္တလေးမြို့ခံတွေဟာ အပြင်ကို ထွက်တဲ့အခါ၊ အထူးသဖြင့် ညဘက်တွေမှာဆိုရင် ပိုပြီးစိုးရိမ်စိတ်ကြီးကြီးနဲ့သွားလာနေကြရပါတယ်။ ဒီလိုအခြေအနေတွေဟာ မြို့ရဲ့စီးပွားရေး၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုတွေကိုပါ ခြိမ်းခြောက်နေပါတယ်။
မန္တလေးမြို့ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးဟာ အစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ လုယက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို တကယ်တမ်း ခိုင်မာအောင် ဆောင်ရွက်နိုင်မှသာ မန္တလေးမြို့ကြီးဟာ ယခင်ကလို အေးချမ်းသာယာပြီး ပြည်သူတွေ စိုးရိမ်စိတ်ကင်းစွာ သွားလာနိုင်တဲ့ မြို့တစ်မြို့အဖြစ် ပြန်လည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW