ကွန်ဟိန်းမြို့မှာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံတွေ့

ဩဂုတ် ၉ – ၂၀၂၅
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့မှာ မနေ့ ဩဂုတ် ၈ ရက်၊ မနက် ၆ နာရီဝန်းကျင်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ နမ့်ပန်ချောင်းရေ မြင့်တက်လာတဲ့အတွက် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
နမ့်ပန်ချောင်းရေ မြင့်တက်မှုကြောင့် အဆိုပါ ချောင်းအနီးက ရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၄)၊ အမှတ် (၅) ရပ်ကွက်နဲ့ နားတဲ့ကျေးရွာအတွင်း ရေဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
“အခုနှစ် ရေကြီးတာက ၁၉၈၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးလို့ ပြောရမယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း တခါ ရေကြီးသေးတယ်။ ဒါပေမယ့် ဒီနှစ်လောက် မဆိုးဘူး။ ဒီနှစ်က ရေတက်တာလည်း အရမ်းမြန်တယ်။ ပစ္စည်းတွေ သိမ်းချိန်တောင် မရလိုက်ကြဘူး။ ပစ္စည်း အတော်များများ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ လူတွေကတော့ ထိခိုက်တာ မရှိပါဘူး” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။
လက်ရှိ ရေကြီးမှုဖြစ်စဉ်မှာ နေအိမ်တွေအတွင်း ရေဝင်ရောက်မှုကြောင့် ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးမှုအပြင် စိုက်ပျိုးမြေ ဧက ရာနဲ့ချီ ပျက်စီး ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“မိုးကြီးတာနဲ့ ချောင်းရေက ချက်ချင်းဆိုသလို လျှံတက်လာတာ။ အဓိက က‌တော့ သစ်ပင်၊ သစ်တောတွေ မရှိတော့တဲ့ ဒဏ်ပေါ့။ ဒါကြောင့် ရေကြီးတာက ပိုဆိုးလာတာ။ စိုက်ခင်း‌တွေအကုန်လုံးလိုလိုပဲ ရေမြုပ်တာရော၊ ရေစီးနဲ့ မျောပါတာရော ဖြစ်ကုန်တယ်” လို့ ‌ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ ရေ ၄ ပေခန့် မြင့်တက်နေတာဖြစ်ကာ ရေဝင်ရောက်နေတဲ့ အိမ်ခြေ ၇၀ ကျော်ဝန်းကျင် ရှိနေပြီး ရေဘေးသင့် ပြည်သူတွေကို ဒေသ တာဝန်ရှိသူတွေက လာရောက် စာရင်းကောက်ယူမှုတွေ ပြုလုပ်နေပေမယ့် ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
“အခု အချိန်မှာတော့ မိုးက တိတ်နေတယ်။ အဲဒါကြောင့် ရေထပ်တိုးတာတော့ မရှိသေးဘူး။ ရေတန့်နေတယ်၊ ပြန်မကျသေးဘူး။ မီးကလည်း ပျက်နေတယ်။ ဒီည မိုးထပ်ရွာရင်တော့ တောင်ကျရေ အန္တရာယ် ရှိလာနိုင်တယ်။ ဒါကြောင့် ဘေးလွတ်ရာကို ပြောင်းတာရွှေ့တာ လုပ်နေကြပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကွန်ဟိန်းမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျချောင်းရေ စီးဆင်းတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေ ၂ ပေခွဲကနေ ၃ ပေလောက်အထိ မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျက်ရှိတာမှာ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာလည်း ကျေးရွာ အတော်များများရှိ နေအိမ်တွေထဲ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အင်းလေးကန်ရှိ ကေလာကျေးရွာ အုပ်စုအတွင်းက ကျေးရွာတွေအပြင် အိမ်ထောင့်ကြီး၊ ရှေ့၀ကြီး၊ မြောင်း၀ကြီး၊ မိုင်းသောက်အင်း၊ ညောင်ဝန်း၊ သလဲဦးအင်းနဲ့ နန်းပန် (၄) ရပ်ကွက်ရှိ ကုန်ကယ်၊ နန်းပန်၊ ပေါက်ပါး၊ ရေလယ်၊ ကြာတော ကျေးရွာတွေမှာ နေအိမ်တွေထဲ ရေဝင်ရောက်မှုတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် မိုးကြီးခြင်းကြောင့် အင်းတိန်သွားလမ်း၊ သန်းတောင်အနီး ဘုရားနီရွာရှိ လမ်းမကြီးမှာလည်း ရေတိုက်စားမှုတွေ ဖြစ်ပေါ်နေပြီး မြေသားတွေ ပဲ့ကျလျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် အခုဩဂုတ်လ အစောပိုင်းကလည်း အင်းလေးကန်၊ မိုင်းသောက်တံတား ရေမြုပ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့တာကြောင့် တံတားပြင်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ လက်ရှိမှာတော့ ပြင်ဆင်ရေးလုပ်ငန်း ပြီးစီးသွားပြီဖြစ်ပေမယ့် ရေကျဆင်းမှု မရှိသေးတာကြောင့် သွားလာလို့ မရသေးဘူးလို့ သိရပါတယ်။
ဒါအပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ၊ သီပေါ၊ မိုင်းရယ် ဒေသတွေမှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး လူသေဆုံးမှုတွေ ရှိခဲ့သလို စိုက်ခင်း အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Photo – Jao Tai Num/CJ

Related posts

Leave a Comment

VOM News

FREE
VIEW