ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရင် အိန္ဒိယအပေါ် ထပ်ဆောင်းအခွန်တွေ အမေရိကန် ကောက်ခံဖွယ်ရှိ

ဝါရှင်တန် ၊ ဩဂုတ်-၁၅-၂၀၂၅
ရတီ(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရင် အိန္ဒိယအပေါ် နောက်ထပ်အခွန်ကောက်ခံမှုတွေ ပြုလုပ်နိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ သမ္မတ‌ဒေါ်နယ်ထရန့်နဲ့ သမ္မတပူတင်တို့ အလာစကာမှာလုပ်မယ့် ဆွေးနွေးပွဲရဲ့ ရလဒ်ပေါ်မူတည်မယ်လို့ ဆိုပါတယ်။
“ရုရှားရေနံဝယ်တဲ့ အိန္ဒိယအပေါ် အခြားအခွန်စည်းကြပ်မှုတွေ ကျင့်သုံးထားပြီးပါပြီ။ ဆွေးနွေးပွဲ အခြေအနေတွေ မကောင်းရင် အခွန်နှုန်းထားတွေ ဒါမှမဟုတ် အခြားအခွန်စည်းကြပ်မှုတွေ ပိုမြင့်လာနိုင်တယ်” လို့ ဘက်ဆန့်က ပြောပါတယ်။ ဒီအခွန်စည်းကြပ်မှုမှာ ဥရောပနိုင်ငံတွေ ပါဝင်ဖို့လိုတယ်လို ဆိုပါတယ်။
ရုရှားကရေနံနဲ့လက်နက်ဝယ်တဲ့ အိန္ဒိယအပေါ် ၂၅ ရာခိုင်းနှုန်း အခွန်အပြင် နောက်ထပ် ၂၅ ရာခိုင်နှုန်းကို ဒီလအစောပိုင်းမှာ အမေရိကန်အစိုးရက ချမှတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်ဟာ ရုရှားနဲ့ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး စေ့စပ်ဖို့ ကြိုးစားနေပြီး ငြိမ်းချမ်းရေးသဘောတူညီချက် မရရင် ရုရှားအနေနဲ့ ပြင်းထန်တဲ့အကျိုးဆက်တွေ ရှိမယ်လို့ ထရန့်က သတိပေးခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲစတင်ကတည်းက အိန္ဒိယဟာ ရုရှားရေနံစိမ်းတွေကို ဈေးသက်သာစွာ ဝယ်ယူမှုတွေ တိုးလာခဲ့ပြီး အိန္ဒိယ-အမေရိကန် ဆက်ဆံရေးကို တင်းမာစေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ အိန္ဒိယရဲ့ ရေနံသွင်းကုန်ရဲ့ ၃၅ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်း ဟာ ရုရှားကနေဖြစ်ပြီး ၂၀၂၁ ခုနှစ်ကထက် သုံးရာခိုင်နှုန်း မြင့်တက်လာပါတယ်။ အိန္ဒိယကတေ့ ရုရှားရေနံဝယ်ယူမှုကို ကာကွယ်ပြောဆိုခဲ့ပြီး အဓိကစွမ်းအင်သွင်းကုန်တခုအနေနဲ့ ဆင်းရဲတဲ့အိန္ဒိယနိုင်ငံသားသန်းပေါင်းများစွာအတွက် ဈေးအသက်သာဆုံးရေနံကို ဝယ်ယူရမယ်လို့ ဆိုပါတယ်။
အိန္ဒိယကို အခွန်အလွဲသုံးစားလုပ်တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး အာရှရဲ့တတိယအကြီးဆုံးစီးပွားရေး အင်အားကြီး အိန္ဒိယနဲ့ အမေရိကန်ကြား ဒေါ်လာ ၄၅ ဘီလီယံ ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။
အိန္ဒိယနဲ့အမေရိကန်ကြား ကုန်သွယ်ရေးညှိနှိုင်းမှုတွေဟာ လအနည်းငယ်ကြာ ဆွေးနွေးနေပြီး အမေရိကန်ညှိနှိုင်းရေးအဖွဲ့တွေ သြဂုတ် ၂၅ ရက်မှာ အိန္ဒိယကို ရောက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ဒါပေမယ့် အိန္ဒိယက စိုက်ပျိုးရေးနဲ့နို့ထွက်ပစ္စည်းတွေအပေါ် အခွန်လျှော့ချဖို့ ငြင်းဆန်နေတာဟာ ညှိနှိုင်းမှုတွေမှာ အဓိကအခက်အခဲဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အိန္ဒိယအပေါ် အမေရိကန်ရဲ့ အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံမှုဟာ ဩဂုတ် ၂၇ ရက်မှာ စတင်သက်ဝင်မှာဖြစ်ပြီး ဒါဟာ အိန္ဒိယကို အာရှမှာ အမေရိကန်နဲ့ ကုန်သွယ်တဲ့နိုင်ငံတွေထဲမှာ အခွန်အများဆုံးကောက်ခံမှု ဖြစ်စေum အထည်အလိပ်လုပ်ငန်း လက်ဝတ်ရတနာလုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး အိန္ဒိယရဲ့စီးပွားရေးတိုးတက်မှုကို သုည ဒဿမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW