နလအတပ်​တွေဟာ ဗန်းမော်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေမှုနဲ့အတူ မြို့ပြန်လည်ထူထောင်ရေးပါစီစဥ်နေ

ဩဂုတ် ၁၅ ၊ ၂၀၂၅
CG (VOM)
ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ရေးအတွက် နလအ ဘက်မှ မြေပြင်ပစ်ခတ်မှုအပြင် လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေသလို မြို့တွင်းပြန်လည်ထူထောင်ရေးပိုင်းကိုပါ လုပ်ဆောင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့ အမြှောက်တပ်ရင်း ၃၆၆ နဲ့ လေယာဥ်ကွင်းကို နလအ ဘက်မှ ပြန်လည်သိမ်းပိုက်ရရှိထားကြောင်း ၊ ကျန်တဲ့ တပ်စခန်း တွေကို ဆက်လက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဩဂုတ် ၁၄ ရက်မနက်ပိုင်းကလည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
မကြာသေးခင်ရက်ပိုင်းကပင် နလအက ဗန်းမော်မြို့ကို ရေကြောင်းကနေ စားနပ်ရိက္ခာနဲ့ လုံခြုံရေးတပ်ဖွဲ့အင်အား ဖြည့်တင်းခဲ့တယ်လို့လည်းသိရပါတယ်။
” စစ်တပ်က ဗန်းမော်ကို ပြန်ရဖို့တော်တော်လေးကြိုးစားလာတယ်။ ရေကြောင်းကနေလည်း အင်အားဖြည့်ထားသလို ရိက္ခာလည်းဖြည့်ထားတယ်။ အခုအမြှောက်တပ်နဲ့ လေယာဥ်ကွင်းလည်းပြန်ရထားပြီဆိုတော့ ရှေ့ဆက်ပိုကြမ်းမယ့်သဘောရှိတယ်။ မြေပြင်ထိုးစစ်ထက် လေကြောင်းကိုပိုသုံးလာတယ်။ ဒီနေ့လည်းလာကြဲတာပဲ။ တိုက်ပွဲကလည်းပြင်းထန်နေတယ်။
ရွေးကောက်ပွဲကျင်းပမယ့်အခြေအနေရှိတယ်။ကျင်းပနိုင်ဖို့ဆိုရင် နယ်မြေစိုးမိုးပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့လိုတယ်လေ။ ” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိအစိုးရက ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်ပြီး ရွေးကောက်ပွဲကျင်းပလိုတဲ့ အခြေအနေတွေရှိကြောင်း ၊ ဒါကြောင့် ထိုးစစ်ဆင်မှုကို အရှိန်မြှင့်လုပ်ဆောင်လာသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အနေနဲ့ဆိုရင် အခြေခံအဆောက်အအုံတွေ ပြုပြင်ခြင်း၊ လျှပ်စစ်မီး၊ ရေ၊ လမ်းပန်းဆက်သွယ်ရေး စနစ်တွေ ပြန်လည်မွမ်းမံတာ၊ မြို့တွင်း သန့်ရှင်းသာယာရေး လုပ်ငန်း​တွေ ဆောင်ရွက်တာ၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပြန်လည်စတင်တာနဲ့ ၊ ဌာနဆိုင်ရာရုံးတွေ လည်ပတ်နိုင်ဖို့ ပြင်ဆင်တာအပြင် ပြည်သူတွေ မြို့ထဲကို ပြန်လည်နေထိုင်နိုင်ရေး စတဲ့ကိစ္စတွေကို စီစဥ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ကို မြို့ပြ အင်္ဂါရပ်နဲ့အညီ ပြန်လည်ကောင်းမွန်စေရေး နဲ့ တက္ကသိုလ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်မှုကို ယခု ၂၀၂၅ နှစ်ကုန်ပိုင်းအတွင်း ပြီးစီးအောင်လုပ်ဆောင်သွားဖို့စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။
​ဒါပေမယ့် ဗန်းမော်မြို့ကိုပင် အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ မြို့ကိုပြန်လည်ထူထောင်ရေးနဲ့ စစ်ရှောင်နေရပ်ပြန်ရေးစီစဥ်နေတယ်ဆိုတာ မြေပြင်အခြေအနေအရ မလွယ်ကြောင်း ၊ ဒေသခံတွေအနေနဲ့လည်း နေရပ်မပြန်ရဲကြ ဘူးလို့ သိရပါတယ်။
” ​ခုထိတိုက်ပွဲတွေဖြစ်ပြီး လေယာဥ်တွေနဲ့ကြဲတုန်းကို ဘယ်လိုနေရပ်ပြန်ရဲမှာလဲ ။ပြီးတော့ မြို့ကိုတောင်မသိမ်းရသေးဘဲ တက္ကသိုလ်ပြန်ဖွင့်မယ် ၊ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုတော့ နည်းနည်းတော့ရယ်စရာလို့ဖြစ်နေတယ်။ ပြန်လို့ရရင်တော့ပြန်ချင်တာပေါ့ဗျာ။ ပြောသာပြောရတာမြို့က ပျက်စီးနေပါပြီ။ အိမ်တွေကို အစိုးရဘက်က ပြန်လည် ပြင်ဆင်ဆောက်ပေးမယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ။” လို့ စစ်ရှောင်နေရသူ ဒေသခံကပြောပါတယ်။
ဗန်းမော်မြို့မှာ ယခင်ကဖြစ်ခဲ့တဲ့ နစက တပ်ဖွဲ့တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေကြောင့် မြို့က မြို့ပျက်ကြီးသဖွယ်ဖြစ်နေပြီး နေအိမ်၊အဆောက်အဦး အများစု လက်နက်ကြီးထိမှန်ပျက်စီးသွားကာ မြို့နေလူထုလည်း စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – Khai Khant

Related posts

Leave a Comment

VOM News

FREE
VIEW