သြဂုတ် -၁၅-၂၀၂၅
နွယ်နီ(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ဩဂုတ်လ ၁၅ ရက်နေ့ ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ဘဏ်တာဝန်ရှိသူ တဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဒီနေ့ စဖွင့်ပါတယ်။ ဘဏ်ဝန်ဆောင်မှုတွေ ဖြစ်တဲ့ အငြိမ်းစားပင်စင်လစာတွေ ထုတ်ပေးတာ၊ ငွေစုဆောင်းအပ်နှံထားသူတွေရဲ့ ငွေစုစာအုပ် ထုတ်တာတို့၊ ငွေစုစာအုပ်ထဲ ငွေထည့်သွင်းတာတို့၊ အတိုးထည့်သွင်းတာတို့ လုပ်ဆောင်ပေးမှာပါ” လို့ ဘဏ်တာဝန်ရှိသူ တဦးက ပြောပါတယ်။
နောင်ချိုမြို့မှာ ပုဂ္ဂလိကဘဏ်တွေ မဖွင့်လှစ်နိုင်သေးတာကြောင့် အခြား တိုင်းနဲ့ ပြည်နယ်အတွင်း ငွေလွှဲလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
“နောင်ချိုက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ငွေလွှဲကိစ္စတွေ၊ လကုန်ရင် နိုင်ငံဝန်ထမ်းတွေရဲ့ လစာကိစ္စတွေ လည်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” လို့ ဘဏ်တာဝန်ရှိသူ တဦးက ပြောပါတယ်။
အငြိမ်းစားပင်စင်လစာ ခံစားသူများအနေနဲ့ UID လို့ခေါ်တဲ့ စမတ်ကတ် ပါမှ ပင်စင်ထုတ်ယူလို့ ရမှာဖြစ်တာကြောင့် ပင်စင်စားတွေအတွက် လူဝင်မှုကြီးကြပ်ရေး အဖွဲ့နဲ့ ပူးပေါင်းပြီး UID ကတ်တွေကိုပါ တစ်ပြိုင်နက် လုပ်ဆောင်ပေးနေတယ်လို့ ဘဏ်တာဝန်ရှိသူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချိုမြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး အခုနှစ် ဇူလိုင်လမှာ နအလ တပ်ဖွဲ့ဝင်တွေက နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့တာပါ။
တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ ဒေသခံအချို့ နောင်ချိုမြို့ကို ပြန်လာနေကြပေမယ့် တိုက်ပွဲ ပြန်ဖြစ်မှာကို ကြောက်တဲ့အတွက် ဒေသခံ အများစု နေရပ်ပြန်မလာရဲသေးတာကြောင့် မြို့တွင်းမှာ အရင်လို ပုံမှန် မပြန်ဖြစ်သေးဘူးလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
