ဖားကန့်မှာ ဒရုန်းဗုံးကျလို့ နှစ်ယောက်သေ ခုနှစ်ယောက်ဒဏ်ရာရရ

ဩဂုတ် ၁၅၊ ၂၀၂၅
CC (VOM)
ဖားကန့် – ကားမိုင်းလမ်းမှာ ဩဂုတ် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ခရီးသည်တင်ကားတစီးပေါ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ နှစ်ယောက်သေဆုံးပြီး တယောက်ထိခိုက် ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ကားမိုင်း ကနေ ဖားကန့်ကိုအသွား ကားလမ်းမပေါ်ရှိ နန်းယားရွာအနီးမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် သွားခွင့်မရဘဲ ခရီးသည်တင်ကားအပါ ကားတွေရပ်နားထားချိန်မှာ ကိုကရင်လေးဆိုသူရဲ့ကားပေါ်ကို ဗုံးကျပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” နန့်ယားမှာ နေ့လယ် ၁၂ နာရီကျော်မှာ ဒရုန်းဗုံးကျလို့ ကားဆရာ ကရင်လေးသေဆုံးသွားပြီ။ ဒဏ်ရာရတဲ့အထဲက ခေါင်းထိတဲ့ ခရီးသည်တယောက်ကဖားကန့်မှာထပ်ဆုံးတယ်။ ခရီးသည် မိန်းမတယောက်ကတော့ ပေါင်ကျိုးသွားတယ် ။ သေဆုံးသွားတဲ့ ကားဆရာ ကရင်လေး မှာ လေးနှစ်သမီးတယောက်နဲ့ တနှစ်ခွဲသားတယောက်ကျန်ရှိပါတယ်။ ကားလမ်းက သွားလာလို့ရပေမယ့် နှစ်ဘက်တိုက်ပွဲကြားမှာ အရဲစွန့်သွားလာနေကြတာပါ ။အခြေနေကြည့်သွားနေရတယ်။ ဒရုန်းနဲ့ ဗုံးချနေတာလည်း တွေ့ရတယ်။ အန္တရာယ်တော့များတယ်။” လို့ ဒေသခံကပြောပါတယ်။
ဖားကန့် – ကားမိုင်းလမ်းက ဩဂုတ်လ ပထမပတ်ကမှ သွားလာခွင့်ပြန်လည် ခွင့်ပြုထားတာဖြစ်ပြီး လမ်းပိုင်းပြန်ဖွင့်ပြီးနောက်မှာ နန့်ယားရွာနားမှာ လုံခြုံရေးတပ်ဖွဲနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။
လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လမ်းခရီးမှာ ညအိပ်ရတာတွေ၊ ကားပိတ်တာတွေ၊ ဒရုန်းဗုံးကျလို့ လူသေဆုံးမှု တွေရှိနေပေမယ့်လည်း လမ်းဖွင့်ထားဆဲဖြစ်လို့ ကားတွေသွားလာမှုရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
အလားတူ ဒီနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်နဲ့ ညနေပိုင်း လောက်မှာ ဖားကန့်မြို့နယ် ရှရော်ခရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ လူ ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ လုံခြုံရေး တပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်ရှိနေပြီး နေ့စဥ်နဲ့အမျှ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW