ဩဂုတ် ၁၅ ၊ ၂၀၂၅
KC (VOM )
မိုးကုတ်မြို့ အရှေ့ပိုင်းကို ဩဂုတ် ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” အရှေ့ပိုင်းက လင်းရောင်ခြည်ဘုန်းကြီးကျောင်း နဲ့ ရွှေကူကြား ငါးပတ်တောင် ဘက်ကိုကြဲခံရ တာပါ။ ထိခိုက်သေဆုံး များပါတယ်။ ခုညသိရသလောက်တင် ၁၀ ယောက်ကျော်တယ်။ ထိခိုက်သူလည်းများတယ်။ ဆေးရုံအကုန်သယ်ပြီးကုသမှုပေးနေတယ်။ အရေးပေါ်သွေးလိုအပ်မှုလည်းရှိတယ်။” လို့ ဒေသခံကပြောပါတယ်။
သေဆုံးတဲ့အထဲမှာ ကလေးတွေလည်းပါဝင်သလို အသက်ကြီးပိုင်းအရွယ်တွေလည်း ပါတယ်လို့သိရပါတယ်။
” တချို့အလောင်းတွေဆိုတစစီကိုဖြစ်သွားတယ်။” လို့သူကထပ်ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဆေးရုံကိုပို့ဆောင်ကာ TNLA က ဆေးဝါးကုသမှုအပိုင်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။
မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုအနေနဲ့ ယခုဩဂုတ်လထဲမှာတင် သုံးကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်တိုင်း လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရသူတွေရှိခဲ့တယ်လို့သိရပါတယ်။
ဩဂုတ်လ ၉ ရက်နေ့ ည ၆ နာရီကျော်လောက်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ၊ကျောက်နဂါးရွာထဲကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ငါးယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ ဩဂုတ် ၂ ရက်နေ့မနက်ပိုင်းက မိုးကုတ်မြို့ အနောက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်လောက်ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မနက်ပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူတွေရှိခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် မိုးကုတ်ကို ဝင်ထွက်သွားလာနိုင်တဲ့ လမ်းပိုင်း ခြောက်ခုကို TNLA ဘက်မှ သွားလာခွင့်ပိတ်ထားချိန်မှာတင် လေကြောင်းတိုက်ခိုက်ခံရတာ နှစ်ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ကလည်း မိုးကုတ်မြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး မြို့ရဲ့အထင်ကရဟိုတယ်တခုဖြစ်တဲ့ ရွှေလိပ်ပြာဟိုတယ်ဝန်းထဲက အဆောက်အဦးပေါ်ကျရောက်ကာ အမျိုးသားတယောက်သေဆုံးကာသုံးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့သလို အဲဒီနေ့မှာပဲ ကျောက်မဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသားတယောက်သေဆုံးမှုရှိခဲ့ပါတယ်။
ဇူလိုင် ၉ ရက်နေ့ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး နှစ်ယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက်သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အဦတွေ ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိအစိုးရက မိုးကုတ်မြို့ကို TNLA လက်ထဲကနေ ပြန်လည်ရရှိနိုင်ရေးအတွက် လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – ဒေသခံ