ရေးမြို့နယ်ထဲက ကျောင်းဆရာမသုံးယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွား

ဩဂုတ် ၁၅ ၊ ၂၀၂၅
GG (VOM)
မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ဝဲခမီကျေးရွာမှာ ဩဂုတ် ၁၄ ရက်နေ့ ၊ မနက်ပိုင်းက ကားတစီးနဲ့လိုက်ပါလာတဲ့ ကျောင်းဆရာမ သုံးယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
အဆိုပါ ကျောင်းဆရာမတွေဟာ ရေးမြို့နယ်ကနေ မောင်းနှင်လာတဲ့ ကားဖြစ်ပြီး မနက် ၇ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာဖြစ်တယ်လို့သိရပါတယ်။
” ဆရာမသုံး​ယောက်အဖမ်းခံရတယ်။လက်နက်ကိုင်အဖွဲ့ဖမ်းသွားတယ်လို့ပဲသိရတာ။ဘယ်အဖွဲ့ကဆိုတာ မသိပါဘူး။ ဝဲခမီရွာအဝင်မှာ ဖမ်းသွားတာလို့တော့ ကနဦးသိရတယ်။ ရေးမြို့နယ်ထဲကကျောင်းဆရာမတွေပေါ့။ ဝဲခမီရွာက ရေး – သံဖြူဇရပ်ပြည်ထောင်စုလမ်းမကြီးပေါ်ကရွာပါ။အဲဒီဘက်မှာ တိုက်ပွဲလည်းမကြာခဏဖြစ်တယ်။ ” လို့ လုံခြုံရေး အဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းဆရာ မတွေက လမိုင်း အ.ထ.က ကျောင်းက ဆရာမဒေါ်ဇာခြည်သော် ၊ မော့ကနင် အ.ထ.က ကျောင်းက ဒေါ်ခင်လေးမွန် နဲ့ နှစ်ကရင် အ.ထ.က က ဒေါ်အင်ကြင်းဦး ဆိုသူတို့ဖြစ်တယ်လို့ကနဦးသိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံလိုက်ရတဲ့ ဆရာမတွေရဲ့သတင်းအဆက်အသွယ်ပြတ်တောက်နေပြီး အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်း ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်။
ဇွန်လထဲတုန်းကလည်း မကွေးတိုင်း နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာရှိ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်သန်းညွန့်ဆိုသူအသတ်ခံရပြီး ၊ ကူနီကျေးရွာရှိ အခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီထွေးဆိုသူလည်း အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။
လက်ရှိအစိုးရ တာဝန်စတင်ယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်အထိ ဒေသတွင်းလက်နက်ကိုင်သူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပညာရေးဝန်ထမ်းအယောက် ၈၀ အထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၅ ယောက်အထိရှိတယ်လို့ သတင်းထုတ်ပြန်မှုအရသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW