လားရှိုးမှာ နလအ နဲ့ MNDAA ထပ်မံတွေ့ဆုံ

ဩဂုတ် ၁၄၊ ၂၀၂၅
Shy V (VOM)
လားရှိုးမှာ ဩဂုတ်လ ၁၄ ရက်နေ့က နလအ နဲ့ MNDAA ထပ်မံတွေ့ဆုံကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“သိန္နီ ပေးဖို့ လက်မှတ်ထိုးတယ်ကြားတယ်။ ဒီနေ့ ဆင်နှစ်ကောင်မှာ အစည်းဝေး လုပ်တယ်။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
ဒီကိစ္စ နှစ်ဖက်လုံးက ထုတ်ပြန်တာမရှိသလို VOM ကလည်း ဆက်သွယ်အတည်ပြုနိုင်တာ​တော့ မရှိ​သေးပါဘူး။
“MNDAA နဲ့ စစ်တပ် ဩဂုတ်လ ၁၄ ရက်နေ့က ဆင်နှစ်ကောင် ဟိုတယ်မှာ တွေ့ကြတယ်လို့ ပြောနေကြတယ်။ ကျမတို့ ဖြတ်လာတော့ ‌လမ်းတွေလည်း လိုက်ရှင်းနေတာ တွေ့ရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
MNDAA အနေနဲ့ သိန္နီကနေ ဆုတ်ခွာမယ့် အရိပ်အယောင် မတွေ့ရသလို သန့်ရှင်းရေးကအစ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ MNDAA စစ်သားတွေ ကိုယ်တိုင် လုပ်နေတာတွေ့ရတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နလအ နဲ့ MNDAA တွေ့ဆုံတာက စီးပွားရေးနဲ့ ထိန်းချုပ်နိုင်မယ့် နယ်မြေ ကိစ္စ ဆွေးနွေးကြတာဖြစ်ပြီး MNDAA လည်း မဆုတ်ခွာသလို နလအ လည်း နေမြဲ နေရာသာ နေမယ်လို့ ယူဆကြောင်း ဒေသခံတချို့က သုံးသပ် ပြောဆိုနေကြပါတယ်။
နလအ နဲ့ နီးစပ်သူကတော့ ၂၀၀၈ အခြေခံ ဥပဒေအတိုင်းသာ သွားမှာဖြစ်ပြီး ဆုတ်ခွာခြင်း မရှိပါက ထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားကြောင်း ပြောပါတယ်။
လားရှိုးမြို့ပြင် ဟိုပိတ်ရွာဘက်က MNDAA တွေရဲ့ ကျောင်း ဆောက်လုပ်ရေး စီမံကိန်း တခုကတော့ ရပ်လိုက်တာ နှစ်လ ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း MNDAA တပ်ဖွဲ့တွေ ကွမ်းလုံ လမ်းမကြီးကနေ နေ့တိုင်း တက်လိုက်၊ ဆင်းလိုက် လုပ်နေတာ နှစ်ပတ်ခန့်ရှိပြီလို့ သိန္နီ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့ညက ဟိုယ ကနေ နမ့်ပေါင် – လားရှိုး လမ်းဘက် MNDAA တပ်ဖွဲ့တွေ လက်နက် အပြည့်အစုံနဲ့ ကား ၁၀ စီးလောက် တက်သွားတာလည်း တွေ့ရတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နလအ ဘက်ကတော့ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ ကုန်သွယ်ရေး လမ်းကြောင်းတွေပေါ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ အားလုံး ဆုတ်ခွာပေးဖို့ ပြောထားတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အခြေအနေကို လေ့လာ ‌စောင့်ကြည့်နေသူ တယောက်က ပြောပါတယ်။
Photo Crd#

Related posts

✕
VOM News

FREE
VIEW