ဒေလီ၊ ဩဂုတ်-၁၅-၂၀၂၅
ရတီ(VOM)
အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသရှိ ချိုဆီတီ ကျေးရွာမှာ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် လူ ၄၆ ယောက်သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေပါတယ်။ ဒီရွာဟာ ဟိမဝန္တာရှိ နာမည်ကြီးဘုရားဖူးစခန်းသို့ သွားရာလမ်းပေါ်မှာ တည်ရှိပြီး ကျေးရွာမှာ ဟိန္ဒူဘုရားဖူးတွေ ရှိနေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အွန်လိုင်းမှာမျှဝေထားတဲ့ ဗီဒီယိုတွေမှာတော့ ပြင်းထန်တဲ့ရေလှိုင်းတွေ၊ ရေနဲ့အတူ မျောပါသွားတဲ့ယာဉ်တွေနဲ့ ပျက်စီးနေတဲ့အိမ်တွေထဲက အသက်ရှင်နေသူတွေကို ရှာဖွေနေတဲ့ကယ်ဆယ်ရေးသမားတွေကို တွေ့ရပြီး လမ်းမပေါ်မှာ ရွှံ့နွံရေတွေနဲ့ ပြည့်နေပါတယ်။
ဘုရားဖူးဒါဇင်နဲ့ချီပြီး ဘေးကင်းရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှီသူတွေကတယ်။
ဂျမူးနဲ့ ကက်ရှ်မီးယား အမတ်လည်းဖြစ်တဲ့ ဂျီတန်ဒရာဆင်းကတော့ ဘေးသင့်နေရာတွေကို ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။ မိုးလေဝသအခြေအနေမကောင်းတာကြောင့် ရဟတ်ယာဉ်တွေ မပျံသန်းနိုင်သေးဘူးလို့ သူက ဆိုခားပြီး သေဆုံးသူအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဒေသဆေးရုံဆီကို လူ ၁၅ ယောက်ရဲ့ အလောင်းတွေ ရောက်ရှိလာတာကို မြင်တွေ့ရတယ်လို့ အနီးရှိ အက်သို ကျေးရွာက ဒေသခံက ပြောပါတယ်။ဘုရားဖူးတွေအတွက် ပြင်ဆင်ထားတဲ့ ထမင်းစားဆောင် တခုလုံး ရေနဲ့အတူ မျောပါသွားခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူက ရိုက်တာကို ပြောပါတယ်။
သဘာ၀ဘေးနဲ့ပတ်သက်ပြီး ပြည်နယ်တာဝန်ရှိသူတွေက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီ; အိန္ဒိယလွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုအစီအစဉ်အချို့ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက က လိုအပ်နေသူတွေအတွက် ဖြစ်နိုင်သမျှကူညီမှုတွေ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယမြောက်ပိုင်းဒေသတွေမှာ မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပွားခဲ့ပြီး နေရာအများအပြားမှာ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဥတာရာခန်း ပြည်နယ်ရှိ ဒါရာရီ ကျေးရွာရဲ့ တဝက်နီးပါး ရေနစ်မြုပ်ခဲ့တာကြောင့် လူ ၆၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး အလောင်းတလောင်းသာ ရှာဖွေတွေ့ရှိရသေးတယ်လို့ သိရပါတယ်။
Ref:BBC
Photo:Getty Images