ရတနာ့ဂူဘုရားပွဲတော်နဲ့ နတ်ပွဲတော်ဆီ အလည်တခေါက်

မန္တလေး၊ သြဂုတ် – ၁၇- ၂၀၂၅
SA(VOM)
မန္တလေးမြို့ ၊ အမရပူရမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်း ဝင် ရတနာဂူဘုရားပွဲတော်နဲ့ မယ်တော်နတ်ပွဲ ကျင်းပနေတာ ဒီကနေ့ဆိုရင်သုံးရက်ရှိပြီဖြစ်ပါတယ်။
ရတနာဂူစေတီတော်ကြီးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ပေမယ့် ပွဲတော်ကိုတော့ အစဥ်အလာအတိုင်း ကျင်းပနေတာဖြစ်ပါတယ်။
ပွဲတော်ကြီးကို နှစ်စဥ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ကစလို့ ဝါခေါင်လကွယ်နေ့အထိ ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ဘုရားပွဲနဲ့ နတ်ကိုးကွယ်သူတွေအပါအဝင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလို့နေပါတယ်။
မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ စတင်လေ့ရှိပေမယ့် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ကစလို့ နတ်ညီလာခံများ၊ တက်ပွဲများ စတင် ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်နေ့မှာ ချိုးရေတော် သုံးပွဲတော်၊ လကွယ်နေ့မှာ ထိန်ခုတ်ပွဲ၊ မယ်တော်ပို့ပွဲ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို စာရေးတံမဲနှင့် ဆွမ်းကြီးလောင်းလှူကာ ပွဲတော်ပိတ်သိမ်းတယ်လို့လည်း သိရပါတယ်။
အစဉ်အလာအရ အထက်နန်း၊ အောက်နန်း လို့ သုံးနှုန်းခေါ်ဝေါ်ကာ သက်ဆိုင်ရာနတ်နန်းတွေကို သွားရောက် နတ်ပန်းဆက်ကြပြီး ဝါခေါင်လပြည့်ကျော် ၁၀ ရက်နေ့မှာကျင်းပတဲ့ နတ်ရေချိုးပွဲ(ချိုးရေတော်သုံးပွဲ)က အစည်ကားဆုံးနေ့ဖြစ်ပြီး ဒေသအခေါ်အဝေါ်အားဖြင့် ဖောင်လှည့်တဲ့နေ့ ဖြစ်တယ်လို့ သိရပါတယ်။
အရင်ခေတ်တွေကတော့ လာရောက်လည်ပတ်သူတွေ က စစ်ကိုင်း – မန္တလေးလမ်းဘေးက ငှက်ဆိပ်(ငှက်လှေဆိပ်) ကနေ သက်ဆိုင်ရာနတ်နန်းတွေကို လှေစီးပြီး သွားရောက်လည်ပတ်ကြပေမယ့် အခုအခါမှာတော့ ငှက်လှေဆိပ်မရှိတော့လို့ ငှက်လှေတွေလည်းမရှိတော့သလို ငှက်လှေတွေအစား ရိုးရိုးလှေတွေကို အစားထိုးအသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။
သတင်းဓာတ်ပုံ – ရှိုင်းအောင် (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW