ဩဂုတ် ၂၄ ၊ ၂၀၂၅
GG (VOM)
မန္တလေး – မြစ်ကြီးနားလမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအကြား ပစ်ခတ်မှုမှာ ကားသမားနှစ်ယောက် သေဆုံးခဲ့ရပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။
ဩဂုတ် ၂၃ ရက်နေ့က မန္တလေး – မြစ်ကြီးနားလမ်းရှိ ကျီကျင်းရွာနားမှာ ဒေသတွင်းလက်နက်ကိုင်တပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ တိုက်ပွဲအကြား သေဆုံးကားသမားနှစ်ယောက်ရဲ့ နာရေးကိစ္စကိုတော့ ကားသမားတွေမှကူညီဆောင်ရွက်ပေးနေပြီး ဒဏ်ရာရ အမျိုးသမီးကိုတော့ နီးစပ်ရာဆေးခန်းကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
” မနေ့က တိုက်ပွဲ ဖြစ်လို့ ပစ်ကြခတ်ကြတော့ pdf တွေဘက်က လမ်းမှာပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေကြားထဲဝင်ပြေးကြတာမှာ ကုန်ကားမောင်းတဲ့ ကားသမားနှစ်ယောက်သေနတ်မှန်ပြီးသေဆုံးခဲ့တယ်။ အသက်ကြီးပိုင်း အမျိုးသမီးတယောက်က ပေါင်ကိုကျည်ထိတယ်။ သူ့ကိုဆိုင်ကယ်နဲ့ အနီးအနားရှိတဲ့ဆေးခန်းတခုကိုပို့လိုက်ကြရတယ်။ ကျွန်တော်တို့ကားတွေ ပိတ်မိနေတာ အတော်ကြာပြီ။ ကုန်ကားတွေက ဇက်နဲ့လည်းကူးဖို့ခက်တော့ သွားမရဘဲပိတ်မိနေတာ။ တိုက်ပွဲ ဖြစ်တာကို ပြည်သူကြားထဲဝင်ပြေးစရာလားဗျာ။ခုတော့ ပြည်သူတွေက ကြားထဲကထိရတယ်။” လို့လမ်းပိုင်းမှာ ပိတ်မိနေတဲ့ ကားသမားတယောက်ကပြောပါတယ်။
အဆိုပါလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယခင်ကသွားလာခွင့် ပိတ်ထားတဲ့ မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းပေါ်က ပေကြီးရွာ ကတ္တရာလမ်းကို အဲဒီညပိုင်းမှာပဲ ဖွင့်လိုက်ပြီး ကားတွေသွားလာခွင့်ပြုခဲ့ပေမယ့် လက်ရှိမှာတော့ မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်း အတက် – အဆင်းလမ်း၊ ဇက်ကူးလမ်း အားလုံးကို သွားလာခွင့်ထပ်မံပိတ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
” အရင်က ပေကြီးရွာ မိန်းလမ်းပိတ်ထားလို့ ကားတွေ ကွင်းလမ်းကသွားရတယ်။ ကွင်းလမ်းကလည်း အခြေအနေမကောင်းတော့ မြစ်ကြီးနားကို သွားလို့မရဘဲ ပိတ်မိနေတာ တလကျော်ရှိနေပြီ။ဇက်နဲ့ကူးဖို့ကျတော့လည်း ကုန်ကားကြီးတွေကအဆင်မပြေဘူး။ တချို့ကျတော့လည်း ကုန်ကျစရိတ်များတော့မသွားဘဲ လမ်းအဖွင့်ကိုစောင့်ကြတယ်။ ကားလေးတွေကတော့ ဇက်ကူးပြီးသွားတာများတယ်။ အခုကျတော့ ဇက်ကူးသွားတာပါ ပိတ်လိုက်ပြီ။ ဘယ်လမ်းကမှ သွားလို့မရတော့ဘူး။ စစ်တပ်ကသွားခွင့်ပေးတယ်။ pdf တွေဘက်က သွားခွင့်မပေးဘူး။သွားရင် တာဝန်မယူဘူးပြောတယ်။” လို့ သူကထပ်မံပြောပါတယ်။
မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ ရွာစဥ်အလိုက်မှာ မြစ်ကြီးနားကို သွားမယ့် ကုန်ကား အစီးရေထောင်နဲ့ချီ ပိတ်မိနေတာ လချီကြာမြင့်နေပြီး မန္တလေးဘက်ကို သွားဖို့စောင့်ဆိုင်းနေတဲ့ ကုန်ကားတွေလည်း အဆင်းလမ်းရှိ ရွာတွေမှာ ရာနဲ့ချီပြီး ပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနား – မန္တလေး လမ်းပိုင်းမှာ ပိတ်မိနေတဲ့ အတက်အဆင်းကားတချို့မှာ ရောက်ရှိရာ နေရာကနေ နောက်ပြန်လှည့်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – တိုက်ပွဲအကြား ပိတ်မိကားများ
