ဂါဇာမှာ အငတ်ဘေးဆိုက်နေပြီလို့ ကုလထုတ်ပြန် ၊အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် တသိန်းသုံးသောင်းကျော် သေဆုံးနိုင်ကြောင်း သတိပေး

ဂါဇာစီးတီး၊ ဩဂုတ်-၂၃-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာ‌ကမ်းမြှောင်‌ဒေသမှာ အငတ်ဘေးဆိုက်နေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပြီး လာမယ့်နှစ် ဇွန်လအထိ အသက်ငါးနှစ်အောက် ကလေးငယ် တသိန်းသုံးသောင်းကျော် ပြင်းထန်သောအာဟာရချို့တဲ့မှုကြောင့် သေဆုံးနိုင်ခြေရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ဂါဇာမှာ အငတ်ဘေးကို ပထမဆုံးအကြိမ် အတည်ပြုလိုက်တာလို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။ဂါဇာမြို့တော်နဲ့ အနီးအနားရှိဒေသတွေဟာ စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အငတ်ဘေးဟာ ဂါဇာရဲ့ အခြားနေရာတွေကိုပါ ပျံ့နှံ့သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
အစ္စရေး စနစ်တကျ ဟန့်တားမှုတွေကြောင့် စားနပ်ရိက္ခာတွေ နယ်စပ်တွေမှာ ပိတ်မိနေပြီး ဒါကို စစ်ရေးလက်နက်တစ်ခုအဖြစ် အစ္စရေးက အသုံးပြုနေတယ်လို့ ကုလသမဂ္ဂအရေးပေါ်အကူအညီ ညှိနှိုင်းရေးမှူး တွမ်ဖလက်ရှာက စွပ်စွဲပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဂါဇာမှာ အငတ်ဘေးမရှိလို့ ဆိုထားပြီး ဒါဟာ ဟာမတ်စ်အဖွဲ့ရဲ့ မဟုတ်မမှန် အချက်အလက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ မကြာသေးမီသီတင်းပတ်များအတွင်း အဓိကစားသောက်ကုန်များစွာ ဂါဇာကို ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေကတော့ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်ပြီး အာဟာရချို့တဲ့မှုကြောင့် မကြာသေးမီ ကာလတွေအတွင်း ကလေးငယ် ၁၁၂ ယောက်အပါအဝင် လူ ၂၇၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အငတ်ဘေးဟာ နိုင်ငံတကာ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မငမှာ အပြင်းထန်ဆုံးသောအဆင့်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အနည်းဆုံးအိမ်ထောင်စု ၂၀ ရာခိုင်နှုန်းဟာ အလွန်အမင်းအစားအသောက်ရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး အနည်းဆုံးကလေးငယ် ၃၀ ရာခိုင်နှုန်းသည် ပြင်းထန်သောအာဟာရချို့တဲ့မှုကို ခံစားနေရပါတယ်။
ဟားမတ်စ်တို့က ထောက်ပံ့ရေးပစ္စည်းတွေရယူတာကနေ တားဆီးဖို့ ရည်ရွယ်ချက်ကြောင့် မတ်လမှစတင်ပြီး ဂါဇာသို့ ကုလသမဂ္ဂအကူအညီတွေ ဝင်ရောက်ခွင့်ကို အစ္စ‌ရေးက ကန့်သတ်ခဲ့ပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW