ပေကျင်း၊ ဩဂုတ်-၂၃-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ တည်ဆောက်ဆဲတံတားတစင် ပိတ်ကျပြိုလဲမှုကြောင့် သေဆုံးသူ ၁၂ ယောက်ထိ ရှိလာပြီး လေးယောက်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။
တံတားရဲ့ အလယ်ပိုင်းအဆက်နေရာဟာ ရုတ်တရက် ပြိုကျပြီး အောက်ရှိ မြစ်ဝါမြစ်အတွင်းကို ကျဆင်းသွားတာကို နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။ ဒီမတော်တဆမှုဟာ သံမဏိကြိုးပျက်ကျမှုကြောင့်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခင်းဖြစ်ချိန်မှာ အလုပ်သမား ၁၄ ယောက်နဲ့ ပရောဂျက်မန်နေဂျာတယောက် လုပ်ငန်းခွင်မှာ ရှိနေတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေသူ လေးယောက်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။
စီချွမ်-ချင်းဟိုင်းမီးရထားလမ်းရှိ ဒီတံတားဟာ ရထားပါသွားလာနိုင်ပြီး တရုတ်နိုင်ငံရဲ့ မြစ်ဝါမြစ်ကိုဖြတ်ကျော် ပထမဆုံး ရထားသွားနိုင်တဲ့ တံတားလည်း ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကယ်ဆယ်ရေးသမား ရာချီစေလွှတ်ထားပါတယ်။
တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုနဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေ လိုက်နာမှုအားနည်းတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွာလေ့ရှိပါတယ်။
မနှစ်ဒီဇင်ဘာလလည်း တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ အဓိကရထားလမ်းတည်ဆောက်ရေးလုပ်ငန်းခွင်မှာ မတော်တဆဖြစ်ပွားပြီးနောက် လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။
Ref:CNA
Photo:AP
