ပို့ကုန်ရငွေ အမြန်ဆုံး စာရင်းရှင်းလင်းရန် လိုအပ်

ဩဂုတ် ၂၄ – ၂၀၂၅
SN (VOM)
ပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ သတ်မှတ်ကာလအတွင်း ပြန်လည် ဝင်ရောက်ရမယ့် ပို့ကုန်ရငွေတွေနဲ့ ပတ်သက်လို့ ဘဏ်တွေကို သွားရောက်ပြီး အမြန်ဆုံး စာရင်းရှင်းလင်းဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။
အဆိုပါ ငန်းရှင်တွေအနေနဲ့ သတ်မှတ်ကာလဖြစ်တဲ့ အာရှနိုင်ငံတွေဆီ ပို့ကုန်တင်ပို့ပါက ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပ နိုင်ငံတွေကို တင်ပို့ပါက ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရမှာဖြစ်ပြီး မည်သည့် ပို့ကုန်ကြေညာလွှာ (Export Declaration – ED) အတွက် ပို့ကုန်ရငွေ ဖြစ်ကြောင်းကို ဘဏ်တွေဆီ သွားရောက်ကာ အမြန်ဆုံး စာရင်းရှင်းလင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပို့ကုန်ရငွေအကုန်လုံးကို ဘဏ်စာရင်းဖွင့်ပေးရမှာ။ ငွေသားနဲ့ချေထားရင်လည်း ဘဏ်စာရင်းပြန်ဖွင့်ပြီး လုပ်ရတာပေါ့။ အရင်ကတည်းက ပို့ကုန်တွေကို ဒီလိုသတ်မှတ်ပြီးသားပါ။ ဒါနဲ့ ပတ်သက်လို့ အခက်အခဲတွေကတော့ အများကြီးပါ။ အဓိက ကတော့ ငွေလဲနှုန်းပါပဲ။ သူတို့ပေးတဲ့ ငွေလဲနှုန်းက ကျွန်တော်တို့အတွက် လုံးဝ အဆင်မပြေဘူး။ ရှုံးတာပေါ့။ အဲဒီတော့ ဘယ်ကုမ္ပဏီမှ အရှုံးခံပြီး မထည့်ချင်ကြဘူးလေ” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ကုမ္ပဏီတွေရဲ့ နိုင်ငံခြားဝင်ငွေ ၇၀ ရာခိုင်နှုန်းကို အစိုးရက သတ်မှတ်ထားတဲ့ ငွေလဲနှုန်း တဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင်နဲ့ လဲလှယ်ရမှာဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကိုတော့ ငွေကျပ် ၄၅၀၀ ဝန်းကျင် ပေါက်ဈေးရှိတဲ့ ဒေါ်လာဈေးနှုန်းနဲ့ လဲလှယ်ဖို့ ခွင့်ပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တွက်ခြေကိုက်မှု မရှိတဲ့အတွက် ပြည်ပပို့ကုန် တင်ပို့သူတွေက များသောအားဖြင့် နိုင်ငံခြားဝင်ငွေတွေကို ပြည်တွင်းကိုမသွင်းဘဲ ထိုင်း၊ စင်္ကာပူ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာသာ သိမ်းဆည်းမှု များလာကြတယ်လို့ သိရပါတယ်။
လက်ရှိ ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာတော့ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတချို့ဟာ ပို့ကုန်ဆိုင်ရာ နောက်ဆုံး အချက်အလက် (Update Information) တွေကို မသိရှိခြင်းအပြင် ပို့ကုန် လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး Agent တွေနဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းတချို့ကို အလုံးစုံ လွှဲအပ်ထားခြင်းကြောင့် မိမိကုမ္ပဏီ အမည်ခံပြီး တခြားကုမ္ပဏီကနေ ပို့ကုန် တင်ပို့ထားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပို့ကုန်ရငွေ ဘဏ်ကို ဝင်ရောက်ပြီး ဖြစ်ပေမယ့်လည်း ဘဏ်နဲ့ စာရင်းရှင်းရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းခြင်း မရှိတဲ့အတွက် သတ်မှတ်ကာလအတွင်း ပို့ကုန်ဝင်ရောက်ဖို့ ကျန်ရှိတဲ့စာရင်းမှာ ပါရှိနေတာကြောင့် ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေ အရေးယူခံရခြင်းနဲ့ အမည်ပျက်စာရင်း ထည့်သွင်းခံရခြင်း ကိစ္စရပ်တွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။
“ဒီလို အရေးယူနေတာတွေက အဖြေမဟုတ်ပါဘူး။ ကုန်သွယ်မှုတွေကို ရပ်တန့်သွားစေနိုင်တယ်။ အဆိုးဘက်ကို ပိုပြီး ရောက်သွားနိုင်ပါတယ်။ ဒီလို အရေးယူတာထက် ပြဿနာရဲ့ တကယ့် ဇစ်မြစ်ကို ဖြေရှင်းရမှာပါ။ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေ ဘာကြောင့် ဘဏ်တွေမှာ ပို့ကုန်ရငွေ ပြန်ဝင်ရောက်ဖို့ ခက်နေကြသလဲ။ အဓိက နိုင်ငံခြားဝင်ငွေ ၇၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း သတ်မှတ်ချက်ကြောင့် ဖြစ်တယ်။ ဒါကို ပြင်ရမှာပါ” လို့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
ပို့ကုန်တင်ပို့သူဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ Trade Net 2.0 မှတဆင့် ပို့ကုန်လိုင်စင် လျှောက်ထားရမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။
အဆိုပါ ပို့ကုန်လိုင်စင် ရရှိပြီးပါက ပြည်ပကုန်ဝယ်သူနဲ့ Sales Contract ချုပ်ဆိုရမှာဖြစ်ပြီး Sales Contract ချုပ်ဆိုပြီးပါက ဆိပ်ကမ်းမှ ကုန်ပစ္စည်း တင်ပို့ချိန်မှာ ပို့ကုန်လိုင်စင်၊ ကုန်ပစ္စည်း၊ Sales Contract ပါ ဈေးနှုန်း စတာတွေကို စိစစ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်ကြေညာလွှာ (Export Declaration – ED) ကို ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အကောက်ခွန်ဦးစီးဌာနမှ ED ထုတ်ပေးပြီးတဲ့နောက် သင်္ဘောတင်ချိန်မှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို စိစစ်ပြီး သင်္ဘောတင် အထောက်အထား Bill of Lading (B/L) ကို ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို B/L ထုတ်ပေးပြီးတဲ့နောက် Sales Contract အရ ပြည်ပမှ ငွေကြိုလွှဲပေးခြင်းတွေ ရှိနိုင်ပြီး အဆိုပါ Sales Contract ပါ ပမာဏအတိုင်း အမှန်တကယ်
ED ထွက်ရှိကာ ကုန်ပစ္စည်း တင်ပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပို့ကုန်တင်ပို့သူဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) ပုဒ်မ ၃၈ – ခ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း (FEMR) အပိုဒ် ၃၅ နဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၃ တို့အရ “အာရှနိုင်ငံတွေကို တင်ပို့ခြင်းဖြစ်ပါက ပို့ကုန် တင်ပို့တဲ့နေ့မှ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံတွေမှအပ တခြားနိုင်ငံတွေကို တင်ပို့ခြင်း ဖြစ်ပါက ပို့ကုန်တင်ပို့တဲ့နေ့မှ ရက်ပေါင်း ၆ဝ အတွင်း ပို့ကုန်တင်ပို့သူရဲ့ ဘဏ်ငွေစာရင်းကို နိုင်ငံခြားသုံးငွေနဲ့ မပျက်မကွက် ထည့်သွင်းရမယ်” လို့ ပြဋ္ဌာန်းထားပါတယ်။
ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက FEML ပုဒ်မ ၄၂ – က အရ တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပို့ကုန်တင်ပို့ပြီးနောက် အကောက်ခွန် ဦးစီးဌာနမှ ED နံပါတ် ထွက်တဲ့နေ့မှစပြီး အာရှနိုင်ငံတွေဆီ တင်ပို့ပါက ပို့ကုန်ရငွေကို ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပ နိုင်ငံတွေကို တင်ပို့ပါက ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိ ကို ဗဟိုဘဏ်ရဲ့ Foreign Exchange Management System (FEMS) နဲ့ အကောက်ခွန်
ဦးစီးဌာနရဲ့ MACCS System မှပေးပို့တဲ့ ED တွေကို စိစစ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပို့ကုန်တင်ပြီး သတ်မှတ် ကာလအတွင်း ပို့ကုန်ရငွေတွေ ပြန်လည် ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီစာရင်းနဲ့ ED List တွေကို FEMS စနစ်မှာ စိစစ်
တွေ့ရှိချက်အရ ဘဏ်အလိုက် စာရင်းပြုစုပြီး AD လိုင်စင်ရ ဘဏ်တွေဆီ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် AD လိုင်စင်ရ ဘဏ်တွေမှ သက်ဆိုင်ရာ Exporter ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး စာရင်းရှင်းလင်းခြင်းကို နောက်ဆုံးရက် သတ်မှတ်ပြီး ဆောင်ရွက်တာမှာ သတ်မှတ်ပေးတဲ့ နောက်ဆုံးရက်အထိ စာရင်းရှင်းလင်းခြင်း မရှိတဲ့ ကုမ္ပဏီတွေစာရင်းကို ပြုစုပြီး သတ်မှတ် ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရေး
အတွက် အဆိုပါကုမ္ပဏီတွေထံ နှိုးဆော် အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လိုက်နာမှုမရှိပါက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်လက်မှတ် ယာယီ ပိတ်သိမ်းခြင်းနဲ့ လိုအပ်တာတွေ ဆောင်ရွက်နိုင်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ပို့ကုန်ရငွေနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေဆီ အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပို့ကုန်ရငွေနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေမှ အဖွဲ့ဝင်တွေ ပါဝင်တဲ့ Action Task Force အဖွဲ့တွေက ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တို့မှာ သတ်မှတ် ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို ဆက်သွယ် ခေါ်ယူပြီး AD လိုင်စင်ရ ဘဏ်တွေနဲ့ ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရေးကို တွန်းအားပေး ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကုမ္ပဏီတွေနဲ့ Action Task Force အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိသူတွေနဲ့ ခံဝန်ကတိ ရေးထိုးထားတဲ့ ကာလအတွင်း စာရင်းရှင်းလင်းခြင်း မရှိသူတွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ပသက) ပိတ်သိမ်းခြင်းကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW