ကျောက်မဲက နောင်ပိန်နဲ့ ကျောင်းကုန်းရွာမှာ လက်နက်ကြီးကျလို့ တဦးသေ၊ ကိုရင်တပါးဒဏ်ရာရ

ဩဂုတ် ၁၉၊ ၂၀၂၅
နွယ်နီ(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာနဲ့ နောင်ပိန်ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတဦး သေဆုံးပြီး အသက် ၆ နှစ်အရွယ် ကိုရင်တစ်ပါး ဒဏ်ရာရသွား တယ်လို့ နောင်ပိန် ရွာခံတွေက ပြောပါတယ်။
ဩဂုတ် ၁၈ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ နောင်ချိုအခြေစိုက် နအလ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ ကျောင်းကုန်းရွာကို ကျရောက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ နောင်ပိန်ရွာကို ထပ်မံပစ်ခတ်ခဲ့တာလို့ နောင်ပိန်ရွာသား တယောက်က ပြောပါတယ်။
“ကျောင်းကုန်းမှာက အိမ်ပေါ်ကျတော့ အသက် ၄၀ အရွယ် အမျိုးသားက ဒဏ်ရာရပြီး လားရှိုးပို့သွားတုန်း သေသွားတယ်။ နောင်ပိန်မှာတော့ နာမိန်းပရိယတ္တိစာသင်တိုက်ပေါ်ကျသွားလို့ ကိုရင်တပါး ရင်ဘတ်ထိတယ်။ ဒီနေ့ လားရှိုးဆေးရုံကို ပို့ထားတယ်”
လားရှိုးဆေးရုံကို ပို့ထားတဲ့ ကိုရင်ဟာ ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ သြဂုတ် ၁၉ရက် မနက်ပိုင်းမှာလည်း နောင်ပိန်ရွာဘက်ကို လက်နက်ကြီးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း နောင်ပိန်ရွာထဲ လက်နက်ကြီးကျည်တလုံး ကျရောက် ပေါက်ကွဲလို့ အသက် ၃၀ အရွယ် အမျိုးသားတဦး သေဆုံးပြီး လေးဦး ဒဏ်ရာရတယ်လို့ နောင်ပိန်ကျေးရွာသားတွေက ပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့ကလည်း ပင်တိန်ရွာထဲ လက်နက်ကြီးကျလို့ အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်နေ့မှာ နောင်ပိန်ရွာအနီး နောင်ပြစ်ရွာထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ နောင်ချိုမြို့ သပြေရေရပ်ကွက်က စစ်ဘေးတိမ်းရှောင်လာတဲ့ သားအမိနှစ်ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ နောင်ချိုကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒေသခံတွေ ဖြစ်တယ်လို့ နောင်ပိန်ရွာသားတွေက ပြောပါတယ်။
လက်နက်ကြီး မကြာခဏ ကျရောက်ပေါက်ကွဲလို့ နောင်ပိန်ရွာနဲ့ အဲဒီကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်လာသူ ဒေသခံ တသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။
အခုရက်ပိုင်းမှာ ကျေးရွာသားတွေ နေရပ်ပြန်လာချိန် ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေမှာက ဒေသခံတွေပဲ ရှိပါတယ်ဗျာ။ ဘာကို ပစ်နေမှန်းမသိဘူး။ အခုတော့ ရွာသားတွေကြောက်ပြီး ပြန်မလာရဲကြတော့ဘူး။ လာတဲ့သူတွေလည်း ပြန်ပြေးရမလို ဖြစ်နေပြီ” လို့ နောင်ပိန်ရွာသားတယောက် က ပြောပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို နအလ တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇူလိုင်လမှာ အပြီးသတ် သိမ်းယူခဲ့ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နိုင်ဖို့အတွက် ကျောက်မဲမြို့ဘက်အခြမ်းကို လက်နက်ကြီး တွေနဲ့ ဆက်တိုက်ပစ်နေတာကြောင့် နောင်ပိန်၊ ပင်တိန်နဲ့ ပင်တီးကျေးရွာ ဒေသခံတွေ လက်နက်ကြီးထိမှန်မှာ စိုးရိမ်နေကြပါတယ်။
ပုံ CJ ပုံစာ ဒဏ်ရာရသွားသည့် အသက် ၆နှစ် အရွယ် ကိုရင်လေးအား တွေ့ရစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW