ဩဂုတ် ၁၈ ၊ ၂၀၂၅
GG (VOM)
ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဒီနေ့ ဩဂုတ် ၁၈ ရက်နေ့မနက်ပိုင်းကစပြီး မြန်မာဘက်က ယာယီပိတ်လိုက်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။
ထိုင်း နဲ့မြန်မာကို အဓိကကုန်သွယ်မှုပြုလုပ်တဲ့ တရားဝင်လမ်းကြောင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဖြတ်သန်းခွင့်ပိတ်လိုက်တဲ့အတွက် လတ်တလောမှာ ထိုင်း- မြန်မာကုန်သွယ်မှု ယာယီရပ်တန့်သွားပြီဖြစ်တယ်လို့သိရပါတယ်။
” တရားဝင်ကုန်သွယ်တာ ဒီတံတားကဆိုတော့အခု ပိတ်လိုက်တော့ ကုန်သွယ်မှုရပ်သွားတာပေါ့။ဒီလမ်းကြောင်းက ကုန်သွယ်တာတွေက တနိုင်ငံလုံးကိုပြန်ဖြန့်တာအဓိကပါ။ဒါကြောင့် ကုန်သွယ်မှုရပ်သွားရင် ကုန်စျေးနူန်းကပိုတက်သွားနိုင်တာပေါ့။အခုကထိုင်းဘက်ခြမ်းမှာလည်းကုန်ကားတွေ ခုထိပိတ်မိတုန်းပဲလေ။ မြဝတီအတွက်ကတော့ သိပ်ပူစရာမလိုပါဘူး။အောက်ဂိတ်တွေကနေ ဝင်နေတယ်။တံတားကိုခုမနက်ကစပိတ်လိုက်တာပဲသိရတယ်။ဘာကြောင့်ဆိုတာတော့သေချာမသိရဘူး။ ” လို့ မြဝတီဒေသခံကပြောပါတယ်။
ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ပိတ်လိုက်တာနဲ့ပတ်သက်လို့ အကြောင်းအရင်းကို တာဝန်ရှိသူတွေဘက်မှ အသိပေးတာမရှိတာမျိုးမရှိတဲ့အတွက် ယာယီပိတ်ရတဲ့ အသေးစိတ်အခြေအနေ ကိုတော့ မသိရှိရသေး ပါဘူး။
” တံတားကို ယာယီပဲပိတ်တာပါ။ကျွန်တော်ထင်တာတော့ ထိုင်းဘက်မှာ ပိတ်မိနေတဲ့ကုန်ကားတွေ ဖြတ်သန်းခွင့်ရဖို့ကိစ္စနဲ့ဆိုင်လိမ့်မယ်။ကုန်တွေအပြည့်နဲ့ရပ်စောင့်နေရတာကြာပြီ။ကုန်သွယ်ရေးတံတားဖြစ်လို့ အကြာကြီးတော့ မပိတ်နိုင်ပါဘူး။ကုန်စျေးနူန်းကတော့ ကားတွေဝင်ခွင့်မရတာတောင် တက်နေတာ အခုပိတ်တယ်ပါကြေငြာတော့ပိုတက်ဖို့ပဲရှိတယ်။ကျွန်တော်တို့ဆီမှာက ကုန်စျေးနူန်းကတက်ပြီးရင် ကျဖို့အရမ်းခက်တာ ဓလေ့တခုလိုဖြစ်နေတယ်။ ” လို့ လုပ်ငန်းရှင်တယောက်ကသုံးသပ်ပြောပါတယ်။
အစိုးရက ပြည်ပကနေ အစားအသောက်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန် ၊ဆေးဝါး ၊အိမ်ဆောက်ပစ္စည်းအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်နဲ့ ပင်လယ်ရေကြောင်းနှစ်ခုလုံးမှ တင်သွင်းခွင့်ပိတ်ထားတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
အဲဒီနောက်မှာ ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ ၊မဲဆောက်ဘက်ခြမ်းမှာ ကုန်အပြည့်နဲ့ မြဝတီကိုဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ကုန်ကားအစီးရေ ၅၀၀ ကျော်ဟာ တံတားကိုဖြတ်သန်းခွင့်မရဘဲ ရက်သတ္တပတ်ကျော်တဲ့အထိ ပိတ်မိနေတာ ယနေ့အထိ ဖြစ်တယ်လို့သိရပါတယ်။
ပြည်ပကနေ ကုန်ပစ္စည်းအချို့ တင်သွင်းမှုပိတ်လိုက်ပြီး ကုန်ကားရာနဲ့ချီထိုင်းဘက်ပိတ်မိနေတဲ့သတင်းတွေကြောင့်ပင် လက်ရှိ ပြည်တွင်းမှာ ဆေး၊စားသောက်ကုန်အပါအဝင် ပြည်ပကနေတင်သွင်းရတဲ့ ကုန်ပစ္စည်းအများစု စျေးနူန်းတွေမြင့်တက်လာနေတယ်လို့သိရပါတယ်။
ဒါကြောင့် ယခု ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ပိတ်လိုက်တဲ့အတွက် ကုန်စျေးနူန်း ထပ်မံမြင့်တက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ဓာတ်ပုံ – lapyae / saw ba kaung
