ဩဂုတ် ၁၉ – ၂၀၂၅
SS (VOM)
လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်သက်ရောက်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးများပြီး ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဩဂုတ် ၁၉ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း – ဩရိဿပြည်နယ်တောင်ပိုင်း) ကမ်းခြေတို့မှာ မုန်တိုင်းငယ်တလုံး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက် – အနောက်တောင်ဘက် ရေမိုင် ၄၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam) ရဲ့ အရှေ့ မြောက်ဘက် ရေမိုင် ၅၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur) ရဲ့ တောင် – အရှေ့တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
“လောလောဆယ်ကတော့ မုန်တိုင်းအရှိန်က ရခိုင်ကမ်းရိုးတန်းဘက်ကိုပဲ သက်ရောက်မှု များနိုင်တယ်။ မြန်မာပြည် တောင်ပိုင်းဘက်တွေတော့ သက်ရောက်မှု နည်းတယ်။ မိုးကြီးတာကတော့ လက်ရှိ မြစ်တွေ၊ ချောင်းတွေကတော့ အရင်တုန်းကရွာတဲ့မိုးနဲ့ ပြည့်နေတာဆိုတော့ မိုးနည်းနည်းများရင်လည်း ချောင်းရေ၊ မြစ်ရေက ပြန်လျှံလာတတ်တယ်။ အဲဒီတော့ ရေကြီးရေလျှံမှုတွေ သတိထားဖို့ပါတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
မုန်တိုင်းငယ်ရဲ့ လက်ရှိ အနေအထားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားမယ့် အခြေအနေ မရှိတဲ့အတွက် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
မုန်တိုင်းငယ်ရဲ့ တည်နေရာ၊ ဗဟိုချက်လေဖိအားနဲ့ လေတိုက်နှုန်းကတော့ အဆိုပါ မုန်တိုင်းငယ်ဟာ ဒီကနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန်မှာ မြောက်လတ္တီကျု ၁၉ ဒသမ ၀ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၄ ဒသမ ၉ ဒီဂရီတွင်ရှိနေပြီး ဗဟိုချက်လေဖိအား ၉၉၃ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၃၀ နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။
“မုန်တိုင်းကတော့ လောလောဆယ် ပင်လယ်ပြင်ကြီးထဲမှာတော့ မဟုတ်ဘူး။ အိန္ဒိယ ကမ်းခြေအနီးမှာ ကပ်ပြီး ဖြစ်နေတာ။ ပြီးရင် အနောက် – အနောက်မြောက်ဘက်ကို ရွေ့ပြီးတော့ အိန္ဒိယဘက်ကို ရောက်သွားမယ်။ မြန်မာပြည်ဘက်ကိုတော့ မလာပါဘူး။ ဒါပေမယ့် ပင်လယ်ပြင်မှာ ရှိနေတုန်းတော့ သူ့ရဲ့အရှိန်ကြောင့် မိုးသက်လေပြင်း ကျတာတွေ ရှိနိုင်တယ်။ နောက်တချက် ဒီကာလက မုတ်သုံကာလ ဖြစ်တဲ့အတွက် မုတ်သုံ အားကောင်းတာတွေလည်း ရှိလာနိုင်တယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
မုတ်သုံ အားကောင်းပါက ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်ပြီး မိုးများနိုင်သလို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာလည်း မုန်တိုင်းငယ်က ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးများနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ခန့်မှန်းချက်တွေအရ အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် တောင်ပိုင်း – အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေတို့ကို ဂိုလ်ပါပူမြို့အနီးမှ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကုန်းတွင်း မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး ဩရိဿ ပြည်နယ် တောင်ပိုင်းနဲ့ ချက်တစ်ဂတ်ပြည်နယ် တောင်ပိုင်းတို့ကို ဆက်လက် ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်တယ်လို့ သိရပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ မနက်ပိုင်းမှ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို တချို့ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်း တိုက်ခတ်ခြင်းတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ် နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေးအနေနဲ့ ဂရုပြုဖို့ လိုအပ်သလို မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင် သတိပြုကြစေလိုတယ်လို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – မိုး/ဇလ