ဩဂုတ် ၁၈ ၊ ၂၀၂၅
GG (VOM)
စစ်ကိုင်းတိုင်းမှာ ဒီနေ့ ဩဂုတ် ၁၈ရက်နေ့ တရက်တည်း ဝက်လက်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်နှစ်ခုမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ခုနှစ်ယောက်သေဆုံးကာ ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ်ကို နေ့လယ် ၁ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လေကြောင်းဗုံးကြဲမှုက မူးကမ်းကြီး ရွာရှိ မိုးကောင်းဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ခုနှစ်ယောက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ်မှာတော့ ဒီနေ့မနက် ၁၀ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လေကြောင်းကနေဗုံးကြဲမှုက နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ သံဃာ ( ကိုရင်ကြီး)တပါး ၊ အသက်ကြီးပိုင်းအမျိုးသမီး နဲ့ အသက် ၁၁ နှစ်အရွယ်ကလေး တယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
” မူးကမ်းကြီးရွာ ဗုံးကြဲခဲ့ရတာမှာ ကိုရင်ကြီးတပါး၊ ကပ္ပိယနှစ်ဦးနဲ့ အကုန် စုစုပေါင်း ခုနှစ်ယောက် သေဆုံးခဲ့တယ်။ ပြင်းထန်ဒဏ်ရာရသူတွေ လည်းရှိနေတယ်။ကျောင်းဆောင်တွေလည်းပျက်စီးတယ်။ဆိုင်ကယ်တွေလည်းပျက်စီးမှုရှိတယ်။ ” လို့ စစ်ရှောင်အရေးကူညီသူက ပြောပါတယ်။
အဆိုပါ ဝက်လက်မြို့နယ်ရှိ နဘဲပင်ရွာ နဲ့ ဒီပဲယင်း မြို့နယ်ရှိ မူးကမ်းကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ လူထိခိုက်သေဆုံးမှုရှိတဲ့အပြင် ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။
မေလတုန်းကလည်း ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာမှာ လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ပြီး.ထိခိုက်ဒဏ်ရာရသူ ၄၀ လောက်ရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
